Mirror Effect 1
Reflection ဖြစ်စေတဲ့မျက်နှာပြင်ပေါ်မှအရာဝတ္တုတွေရဲ့ပုံရိပ်တွေကို Photoshop နဲ့ဖန်တီးကြည့်ရအောင်ပါ၊ လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ Mirror Effect လေးပါ။
အရင်ဆုံး 500 x 400 pixel နဲ့ New Document တစ်ခုကို Create လုပ်ပါမယ်၊ ပြီးရင် Background Layer ကို အပြာရောင် Fill လိုက်ပါမယ်၊ အဲဒီနောက်မှာတော့ အောက်ပါအတိုင်း ပုံလေးတစ်ခုကိုပါ ဖြည့်လိုက်ပါတယ်။ အခုဆိုရင် Document မှာ Background layer နဲ့ Layer 1 ဆိုပြီး Layer နှစ်ခုဖြစ်နေပါပြီ။

နောက်တစ်ဆင့်အနေနဲ့ Layer 1 ကို Duplicate လုပ်ပါမယ် (Ctrl + J)၊ အခုဆိုရင် Layer 1 copy ဆိုတဲ့ Layer အသစ်တစ်ခုကိုမြင်ရမှာပါ၊ အဲဒီ Layer 1 copy ဆိုတဲ့ Layer ကို Edit>Transform>Flip Vertical ယူပြီးဒေါင်လိုက် Flip လုပ်လိုက်ပါမယ်၊ ဒါဆိုရင်ပုံကိုအခုလို မြင်ရပါပြီ။

ပြီးရင် အဲဒီ Layer 1 copy ကိုပဲ Move tool သုံးပြီး Layer 1 ရဲ့အောက်ခြေအစွန်းနားထိရောက်အောင် Move လုပ်သွားပါမယ်။

Drag လုပ်ပြီးသွားရင်တော့ Layer Palette မှာအဲဒီ Layer 1 copy ရဲ့ Opacity ကို 30 % လောက်ထိလျှော့ချလိုက်ပါမယ်၊ အခုဆိုရင် ပုံကိုဒီလိုမြင်နေရမှာပါ။

ပိုပြီးကြည့်လို့ကောင်းသွားအောင် Lighting Effect နဲနဲထည့်လိုက်ပါမယ်၊ Filter>Render>Lighting Effects ကို Click လုပ်ပါမယ်။ Setting တွေကတော့ အောက်မှာပြထားပါတယ်။

ဒီအဆင့်တွေပြီးသွားရင်တော့ Mirror effect နဲ့ ပုံလေးကိုဒီလိုလေးမြင်နေရမှာပါ။


မှတ်ချက်။ ။ Mirror effect ပြုလုပ်ချင်သော Ko Min Naing မေးခွန်းအားဖြေဆိုထားခြင်းပါ၊ ဆွေးနွေးခြင်းအတွက်ကျေးဇူးတင်ပါသည်။ Mirror effect 2 ကိုလည်းဆက်လက်ရေးသားပါဦးမည်။
Mirror Effect 2
Mirror effect ကိုနောက်တစ်မျိုးဖန်တီးထားတာပါ၊ တစ်ချို့သောပုံတွေမှာတော့ အရှေ့မှာဖော်ပြခဲ့တဲ့ Mirror effect1 ကလိုမျိုး နည်းလမ်းနဲ့သိပ်အဆင်မပြေတော့ပါဘူး။ ဥပမာ ဒီလိုပုံစံဆိုရင်ပေါ့

Background Layer ကအဖြူရောင်နဲ့ Layer 1 က Box လေးတစ်ခုဆိုပါစို့။ ဒီပုံကိုအရင် Mirror effect 1 အတိုင်းပြုလုပ်ရင်ဒီလိုပဲရမှာပါ

သဘာဝမကျလှပါဘူး၊ ဒါကြောင့်ပိုမိုကောင်းမွန်တဲ့ Mirror effect ကိုရဖို့အတွက် ဒီလိုလုပ်ကြရအောင်
အဆင့်(၁) အရင်ဆုံးရှေ့ Tutorial မှာဖော်ပြခဲ့တဲ့အတိုင်း Layer 1 ကို Duplicate (Ctrl +J) လုပ်ပါမယ်။ Layer 1 copy ဆိုပြီး layer တစ်ခု ဖြစ်လာမှာပါ၊ အခုဆို Layer ၃ခုဖြစ်သွားပါပြီ။ ပြီးရင် Edit>Transform>Flip Vertical ကိုသုံးပြီး ပြောင်းပြန်ရအောင်ပြုလုပ်ပါမယ်။

အဆင့်(၂) အခုရတဲ့ပုံကိုသေချာကြည့်ပါ၊ တကယ်လို့ ကြမ်းပြင်ပေါ်မှာ Reflection ပေါ်လာတယ်ဆိုရင် Box ရဲ့အပေါ်မျက်နှာပြင်ဟာ မြင်ရစရာအကြောင်းမရှိပါဘူး ဒါကြောင့်အဲဒီနေရာကို Polygon Lasso tool သုံးပြီး Select လုပ်ပါမယ်။

ပြီးရင်တော့ အဲဒီ Selection နေရာကို Delete key နှိပ်ပြီးဖျက်လိုက်ပါမယ်

အဆင့်(၃) Rectangular Marquee tool သုံးပြီး Layer 1 copy ကို ဒီလို Select လုပ်လိုက်ပါမယ်

အဲဒီနောက်မှာ Layer>New>Layer Via Cut (or Shft+Ctrl+J) လုပ်ပြီး New Layer ကို Layer 1 copy ရဲ့ Selection ပေးထားတဲ့ နေရာကနေ Create လုပ်လိုက်ပါတယ်။ အခုဆိုရင် Layer palette ကိုကြည့်ရင် Background, Layer 1, Layer 1 copy, Layer 2 ဆိုပြီး Layer လေးခုဖြစ်သွားမှာပါ။
အဆင့်(၄) အခု Active ဖြစ်နေတဲ့ Layer 2 ကို (Ctrl+T) key ကိုတွဲနှိပ်ပြီး Free Transform လုပ်ပါမယ်။ ပုံမှာ အနီရောင်လေးပြထားတဲ့ Node လေးကို Mouse ရဲ့ Left Click နှိပ်စဉ် Ctrl+Shft key ပါတွဲနှိပ်ပြီး အပေါ်ကိုဆွဲတင်မှာပါ။

Layer 2 ရဲ့အပေါ်ဘက်အနားသတ်အစွန်းလေးကို ရေပြင်ညီအတိုင်းရတဲ့အထိ အပေါ်ကိုဆွဲတင်မှာပါ။ ပုံမှာကြည့်ပါ

အဆင့်(၅) OK ဒီအဆင့်ရောက်ရင်လုပ်ရမှာက Layer Mask ကိုသုံးဖို့ပါ Layer 2 မှာပဲ Layer>Add Layer Mask>Reveal All ကိုရွေးလိုက်ပါမယ်၊ ပြီးမှ Gradient Tool ကို အဖြူအမဲနှစ်ရောင်သုံးပြီး Layer ရဲ့အပေါ်ဘက်ကို ချန်ခဲ့ပြီး အောက်ဘက်ကို ဖျောက်ထားမှာပါ။ ပုံကိုကြည့်ပါ (Layer Mask အကြောင်းကို Basic Concept သင်ခန်းစာတွင်ဖော်ပြထားပါတယ်)။

အဆင့်(၆) Layer 1 copy ကိုလဲ အဆင့်(၄ နဲ့ ၅) အတိုင်းပဲလုပ်လိုက်ရင် ဒီလိုဖြစ်လာမှာပါ။

အဆင့်(၇) ဒီအဆင့်မှာတော့ Layer 1 copy နဲ့ Layer 2 ကို အဆင့်၎ အတိုင်း Free Transform ပြုလုပ်ကြမှာပါ၊ အပေါ်က Box နဲ့ Layer 1 copy, Layer 2 တို့ကို ထိကပ်ပေးပါ။ Result က ဒီလိုဖြစ်လာမှာပေါ့။

အဆင့်(၈) Layer 1 copy နဲ့ Layer 2 ရဲ့ Opacity တွေကို 40% လောက်ထိလျှော့ချလိုက်ပါမယ်

အထက်အပြောခဲ့တဲ့ အဆင့်တွေအတိုင်းပြုလုပ်ခဲ့ရင်တော့ Mirror effect လှလှလေးနဲ့ ပုံလေးကိုဟောဒီလိုမြင်ရမှာပါ။

အောက်မှာပြထားတဲ့ပုံဆိုရင်တော့ ဗူးအဖုံးလေးကို Duplicate လုပ်ပြီး Layer Mask နဲ့အောက်ဘက်ကို ဖျောက်ထားတာပါ၊ Vertical Flip လုပ်မထားပါဘူး။ Design တစ်ခုဆွဲရာမှာ ဘယ်ဟာကိုဘယ်လိုလုပ်လို့ ပုံသေပြောလို့မရပါဘူး အခြေအနေကိုလိုက်ပြီး သဘာဝကျအောင် ပြုလုပ်သင့်ပါတယ် အခုကတော့ လွယ်မယ်ထင်တဲ့ ဥပမာလေးတစ်ခုကို ပြောပြရုံပါ။

Mirror Effect 3 (ရေပေါ် အရိပ်ထင်)
အရင် တစ်ခေါက်က Mirror Effect နှစ်ခု ပြောပြပြီးပါပြီ။ အခုတစ်ခါမှာတော့ ရေထဲမှာ အရိပ်ပြန်တာမျိုးနဲ့ ရေထဲမှာ ရောက်နေတာ မျိုးနှစ်ခုကို ပြောပြသွားပါမယ်။
ပထမဦးဆုံး ရေထဲမှာ Reflection ပြန်တဲ့ Effect ကို စမ်းကြည့်ကြပါစို့။
၁) အဲဒီအတွက် လိုအပ်တဲ့ပုံကို ဖွင့်ပါ။ နမူနာပုံက (900 x 1200 Pix) ရှိပါတယ်။

၂) Mirror ရိုက်ရန် နေရာအတွက် Image > Canvas size သို့ဝင်ပြီး ပုံ၏ size ကို အောက်ဘက်သို့ မိမိလိုအပ်သလောက်ချဲ့ယူပါ။ ဒီ Tutorial မှာတော့ မူလပုံ၏ တစ်ဆခွဲကို ယူထားပါသည်။

ပြီးလျှင် ပုံအတိုင်းတွေ့ရမည်ဖြစ်သည်။

၃) ယခုအဆင့်ကိုတော့ ယခင် Tutorial ဖြစ်သည့် Mirror Effect 1 မှအတိုင်း ပြုလုပ်ပါမည်။ သို့သော် Lighting Effect အစား ရေကဲ့သိုဖြစ်စေရန် Filter > Distort > Ocean Ripple (သို့) Ripple (သို့) Wave စသည့် Effect များထည့်ပါမည်။ ဒီပုံမှာတော့ Wave Effect ကိုအသုံးပြုထားပါသည်။

Mirror ပွားပြီးသော ပုံကိုလည်း Transform ဖြင့် အပေါ်သို့ ဆွဲချုံ့ပစ်ပါသေးသည်။ ပိုပြီး သဘာဝကျစေရန် အပေါ်မှ Reflection Layer တွင် Layer Mask တစ်ခု အသုံးပြုပြီး Layer နှစ်ခုဆက်သော နေရာအချို့ကိုလည်း ခပ်ဝါးဝါး ဖျက်ပစ်ပါသည်။ ဒီနေရာမှာ တချို့က ရေထဲရောက်နေတဲ့ Reflection ကို ပိုပြီးသဘာဝကျအောင် အပြာရောင် Filter အနည်းငယ်ထည့်တတ်ပါသေးသည်။ စိတ်တိုင်းကျ ဖန်တီးပြီးလျှင်တော့ ပုံအတိုင်း တွေ့ရပါမည်။

ယခုတခါ ရေထဲ ရောက်နေသလိုမျိုးဖြစ်အောင် ဘယ်လိုဖန်တီးသလဲဆိုတာကို ပြောပြပါမည်။
၎) လိုအပ်သည့် ပုံကိုဖွင့်ပြီးသည့်နောက် ထို ပုံကို Ctrl + J ဖြင့် Copy Layer တစ်ခု ပွားပါမည်။

၅) ပြီးလျှင် အထက်က အဆင့် ၃ အတိုင်း Ripple, Ocean Ripple, Wave စသည့် Effect တစ်ခုခုဖြင့် ထို Layer ကို ရေကဲ့သို့ဖြစ်အောင် ဖန်တီးပါမည်။ ဒီ Tutorial မှာတော့ Wave ကို အသုံးပြုထားပါသည်။ Smudge Tool, Liquify စသည်တို့ဖြင့်လည်း စိတ်ရှည်လက်ရှည် ဖန်တီးနိုင်ပါသေးသည်။ ပြီးလျှင် ပုံအတိုင်း တွေ့ရမည်ဖြစ်သည်။

၆) ပြီးလျှင် ထို Layer အား Layer Mask တစ်ခု အသုံးပြုကာ ရေထဲမရောက်လိုသော ပုံ၏ အပေါ်ပိုင်းနေရာများကို ဖျက်ပစ်ပါမည်။

အဆုံးသတ်ပြီးသွားလျှင်တော့ အောက်ပါအတိုင်း ရေတစ်ဝက်နစ်နေသော Effect မျိုးကို ရရှိပါလိမ့်မည်။

တင်စားပြီး ပြောရရင်တော့ Photoshop ဆိုတာ Graphic Designer တစ်ယောက်ရဲ့ စုတ်တံတွေ ဆေးခွက်တွေလိုပါပဲ။ အဲဒီတော့ တကယ့်ကို နက်ရှိုင်းတဲ့အနုပညာနဲ့သာ ပေါင်းစပ် ဖန်တီးလိုက်မယ်ဆိုရင် Photoshop လက်ရာတွေဟာ သဘာဝနဲ့မခြား ထွက်ပေါ်လာမှာပါလို့ ဆိုလိုက်ပါရစေ။


သင်းပျံ့တဲ့ အမှတ်ရစရာတွေ
Camera လို့ခေါ်တဲ့ စက်ပစ္စည်းတစ်ခုက ထုတ်လုပ်ပေးလိုက်တဲ့အရာတွေကို ဒီနေ့ခေတ်မှာတော့ အနုပညာ (Art) တစ်ခုအဖြစ် သတ်မှတ်လက်ခံလာကြပါပြီ။ အဲဒါကို Photoshop ဆိုတဲ့ Computer Software တစ်ခုရဲ့ အကူအညီနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ပိုပြီး သဘာဝကျတဲ့ အနုပညာ (၀ါ) ဖန်တီးမှုတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပါလိမ့်မယ်။
ဒီ Tutorial မှာတော့ Blue Channel နဲ့ Blending Mode ကို ပြောင်းလဲခြင်းဖြင့် ပိုမိုငြိမ်သက်တဲ့ အရောင်အသွေးကိုဖန်တီးခြင်းနဲ့ Gaussian Blur ဖြင့် Mood ပါဝင်တဲ့ ဓာတ်ပုံတစ်ခုအဖြစ်ပြောင်းလဲ ဖန်တီးခြင်းနှစ်မျိုးကို ပြောပြသွားပါမယ်။
၁) ပထမဆုံး လိုအပ်တဲ့ ဓာတ်ပုံကိုဖွင့်ပါ။

၂) အဲဒီ Background Layer ကို Ctrl + J ဖြင့် Duplicate Layer လုပ်ပါမည်။ ပြီးလျှင် Channel Palette ကိုသွားပါ။ ထိုထဲမှ Blue Channel ကို Select လုပ်ပြီး Ctrl + I (သို့) Image > Adjustment > Invert ကိုလုပ်ပါ။ ပုံအတိုင်းတွေ့ရမည်။

၃) ပြီးလျှင် RGB Channel ကိုပြန်ရွေးပြီး ထို Copy Layer ၏ Blending Mode ကို Overlay သို့ပြောင်းပါ။ ပုံအတိုင်း တွေ့ရမည်။

၎) Ctrl + L (သို့) Image > Adjustment > Levels သို့ဝင်ပြီး ပုံကို အနည်းငယ်မှောင်စေပါမည်။

၅) ပြီးလျှင် Ctrl + U (သို့) Image > Adjustment > Hue/ Saturation သို့ဝင်ပြီး Saturation အနည်းငယ်လျှော့ချပါမည်။

Blue Channel နှင့် Blending Mode ကိုကစားခြင်းဖြင့်ရရှိလာသော တည်ငြိမ်သည့် အရောင်အသွေးကို ယှဉ်ကြည့်နိုင်ပါသည်။

၆) ပြီးလျှင် ထို Layer နှစ်ခုစလုံးကို Ctrl + E (သို့) Layer > Merge Layer လုပ်ပါမည်။ Merge လုပ်ပြီးသော Layer နှစ်ခုကို Ctrl + J ဖြင့် Duplicate Layer တစ်ခု ထပ်လုပ်ပါ။ အထက်မှ Duplicate Layer အား Filter > Blur > Gaussian Blur ဖြင့် ခပ်ဝါးဝါးဖြစ်စေရန် ဖန်တီးပါမည်။ ပုံ၏ အရွယ်အစားကိုလိုက်ပြီး Pixel အနည်းအများကို ချိန်ဆပါ။

၇) နောက်ဆုံးအနေဖြင့် ထို Layer ၏ Opacity ကို သင့်တော်သလို လျှော့ချလိုက်ခြင်းဖြင့် လှပ အသက်ဝင်သော ပုံတစ်ခု ရရှိနိုင်ပါသည်။


မူရင်းဓာတ်ပုံနဲ့ အချောသတ် ဖန်တီးထားတဲ့ Photoshop လက်ရာကို ကွဲပြားစွာ ခံစားကြည့်နိုင်ပါတယ်။

သိမ်မွေ့နူးညံ့တဲ့ ခံစားချက်၊ ပြင်းပြတဲ့ အမှတ်ရစရာတွေနဲ့ဖန်တီးလိုက်မယ်ဆိုရင် သင့်ရဲ့ အနုပညာလက်ရာတွေဟာ သင်းပျံ့တဲ့ ရနံ့တွေ မွှေးရှနေမှာ သေချာသလောက်ပါပဲလို့ ပြောဆိုချင်ပါတယ်။
Auto-Align & Blend Layers (CS3)
Edit > Auto-Align Layers နဲ့ Auto-Blend ဆိုတဲ့ Feature တွေဟာ CS3 မှာ စတင်ပါဝင်လာတဲ့ Photoshop ရဲ့ ထူးခြားဆန်းသစ်တဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။
အသုံးဝင်မှုကတော့ Auto-Align Layers က တစ်နေရာထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဘယ်လိုအချိုးအစား၊ အရွယ်အစားနဲ့မဆို လျှင်မြန်စွာ တစ်ထပ်တည်းကျအောင် Align လုပ်ပေးနိုင်ပါတယ်။ Tripod လို့ခေါ်တဲ့ ကင်မရာထောက်တိုင်တွေ မလိုဘဲနဲ့ကို ဖန်တီးပေးနိုင်ပါတယ်။ ဒါကို စမ်းသပ်ကြည့်ရအောင်...
ပထမဆုံး တစ်နေရာတည်းမှာ ရိုက်ထားတဲ့ ဓာတ်ပုံနှစ်ပုံကို ဖွင့်လိုက်ပါမယ်။

အဲဒီထဲက ပုံတစ်ပုံကို Copy လုပ်ပြီး နောက်တစ်ပုံပေါ်တင်ပါမယ်။ ပုံအတိုင်း Layer နှစ်ခုတွေ့ရပါမယ်။

အဲဒီ Layer နှစ်ခုစလုံးကို Shift ကိုနှိပ်ပြီး Select လုပ်ပါမယ်။ ပြီးရင် Edit > Auto-Align Layers ထဲကို ၀င်ပါ။

မူလပေးထားတဲ့ Default Auto ကိုပဲ ရွေးပြီး OK ကိုနှိပ်ပါမယ်။ ဒါဆိုရင် ပုံအတိုင်း Layer တွေ ပြောင်းသွားတာကို တွေ့ရပါမယ်...

အဲဒီမှာ အပေါ်က Layer ကို Layer Mask ထည့်ပြီး အောက်က ကောင်မလေးမြင်ချင်တဲ့နေရာကို ဖျက်လိုက်ရင်... အင်မတန်မှ မြန်ဆန်လွယ်ကူပြီး တစ်ထပ်တည်းကျတဲ့ ပုံကို ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဓာတ်ပုံနှစ်ပုံက အရောင်အသွေးမတူတဲ့အတွက် Layer နှစ်ခုစလုံးကို Shift ဖြင့် Select လုပ်ပြီး Edit > Auto-Blend Layers လုပ်ခြင်းဖြင့် လှပသော ပေါင်းစပ်မှုတစ်ခုကို ရရှိပါလိမ့်မည်။

ပြီးရင်တော့ မိမိ လိုအပ်တဲ့ အရွယ်အစားကို Crop လုပ်လိုက်ရုံပါပဲ။

ဒီအောက်က နမူနာကတော့ လူပါနေတဲ့ ဓာတ်ပုံနှစ်ခုကို ပေါင်းလို့ လူကိုဖျောက်ပြီး တောအုပ်ကြီးပဲကျန်အောင် နမူနာလုပ်ထားတာပါ။


ဒီ Tools နဲ့ နောက်ထပ် စမ်းသပ်လို့ရတာကတော့ အပိုင်းပိုင်းရိုက်ထားတဲ့ ဓာတ်ပုံတွေကို Panorama လို ပုံတွေဖြစ်အောင် ဆက်လို့ရနိုင်ခြင်းပဲ ဖြစ်ပါတယ်။ နမူနာအနေဖြင့် ဒီပုံ ၅ ပုံကို စမ်းကြည့်ပါမယ်။

အဲဒါကို အလွယ်တကူပဲ Layer တစ်ခုပေါ်တစ်ခုထပ်ပြီး Edit > Auto-Align Layers လုပ်လိုက်ရင်ဖြင့် အောက်ပါအတိုင်းအလွယ်တကူ ပေါင်းစပ်သွားတာကို တွေ့ရပါလိမ့်မယ်။

ဒါပေမယ့် ပုံတွေရဲ့ အရောင်တွေ မတူတဲ့အတွက် တစ်ခါထပ် Shift ဖြင့် Select လုပ်ပြီး Edit > Auto-Blend Layers လုပ်ကာ Crop လုပ်လိုက်ခြင်းဖြင့် လှပသေသပ်တဲ့ပေါင်းစပ်မှုကို ရရှိမှာ ဖြစ်ပါတယ်။

ပုံတူပွားခြင်းနဲ့ ပတ်သက်၍
KZO: ဗျို့... ဆရာဟန်... ကူပါဦးဗျာ...
HTN: ဘာတွေ ဖြစ်နေတာလဲဗျာ...
KZO: ဟို... ဟိုဟာဗျာ... ပုံတူ... ပုံတူ... မျိုးပွား... ပွားတဲ့ကိစ္စဗျာ...
HTN: ဟေ့လူ... ဆရာကျော်... မျိုးပွားတဲ့ ကိစ္စက `အိုဂျီ´ တွေ အလုပ်လေ...
KZO: ဟာ... ဆရာသမားက တယ်ဝေးသကိုး... လယ်ဝေးပို့ရတော့မယ်... ဒီမှာ... ပုံတူမျိုးပွားတယ်ဆိုတာ Cloning ကိုပြောတာ... Cloning ကိုပြောတာ...
HTN: အဲဒီတော့...
KZO: ဟာ... ဆရာသမားကလည်း ကျုပ်ဒီမနက်ပဲ ဟိုးတုန်းက ရုပ်ရှင်ကားဟောင်းကြီး ကြည့်လာတာ... အဲဒီမှာ... ကျုပ်တို့မင်းသားကြီး ၀င်းဦးက ခုနှစ်ကိုယ်ခွဲပြီးတော့...
HTN: ဟိုး... သိပြီဆရာ... `ချစ်သူရွေးမယ် ချစ်ဝဲလယ်´ ဆိုတဲ့ရုပ်ရှင်မဟုတ်လား... အဲဒါမျိုး ဒီဘက်ခေတ်မှာ ရာဇာနေ၀င်းကလည်း `ရာဇာနေ၀င်း Clone´ ဆိုပြီး တစ်ကားရိုက်သေးတယ်ဗျ...
KZO: ဟုတ်တယ်ဗျ... အဲဒါတွေထဲကလို...
HTN: ဟေ့လူ... ဒါမျိုးလား...

KZO: ဟာ... ဟုတ်ပါ့ ဆရာသမားရေ... ဆရာသမားက တယ်လက်သွက်သကိုး... ဒါကြောင့်လည်း ဆရာဟန်၊ ဆရာဟန်ဆိုပြီး အသာစံနေတာပေါ့...
HTN: တော်... တော်... ခင်ဗျားမြှောက်ပင့်စကားတွေ...
KZO: ကဲ... ထားဗျာ... အပိုစာသားတွေ၊ စာသားအပိုတွေ လုပ်မနေနဲ့... ဘယ်လို လုပ်သလဲဆိုတာ... အခုတစ်ခါတည်း ပြောပြ... မဟုတ်ရင်တော့နော်... ဆရာ့သတင်းတွေ၊ အတင်းတွေ...
HTN: ဟေ့လူ... တော်... တော်ဗျာ... အခုပြောပြမယ်... ပထမဆုံး အဲလိုပုံတွေရဖို့ ဓာတ်ပုံရိုက်တဲ့အခါ တစ်နေရတည်းမှာ (Tripod) လို့ခေါ်တဲ့ ထောက်တိုင်နဲ့ ထောက်ပြီးရိုက်ရမယ်ဗျ။ အဲဒါမှ ပုံတွေကို ပြန်ပေါင်းတဲ့အခါ အဆင်ပြေမှာ...

ပြီးရင် အဲဒီပုံလေးပုံကို ပေါင်းမယ်ဗျာ။ အဲဒီလိုပေါင်းတဲ့အခါ ဘယ်ပုံကို အောက်ဆုံးမှာ ထားရမလဲဆိုတာကိုတော့ သေချာရွေးဗျာ။ ဒီနမူနာမှာတော့ အောက်ဆုံးပုံအဖြစ် ဒီပုံကိုထားလိုက်တယ်။

ပြီးရင် နောက်ထပ် အဲဒီ Layer ထက် ရှေ့နည်းနည်းရောက်မယ်ထင်တဲ့ Layer တစ်ခုကို သူ့အပေါ်မှာ ထပ်တင်မယ်ဗျာ... အဲ... တင်ပြီးတဲ့အခါ အဲဒီ Layer ရဲ့ Opacity ကို 60% လောက်ခဏထားကြည့်ပြီး အောက်က ပုံနဲ့ တစ်ထပ်တည်း ကျမကျ ကြည့်ရမယ်။ မကျရင်တော့ ရွှေ့ရမယ်ပေါ့ဗျာ။

ပြီးရင် အဲဒီ Layer ရဲ့ Opacity ကို 100% မှာ ပြန်ထားမယ်... ပြီးတော့ Layer Mask တစ်ခုခေါ်ပြီး မလိုတဲ့ အခြမ်းတွေကို ဖျက်ပစ်မယ်ဗျာ။ ဒီမှာ တစ်ခုတော့ ပြောရမယ်... တကယ်လို့သာ Photoshop CS3 ကို အသုံးပြုမယ်ဆိုရင်တော့ Auto-Align Layers နဲ့ အလွယ်တကူ အဆင်ပြေပြေပဲ ဒီအဆင့်တွေကို ဦးမစားဘဲ လုပ်လို့ရမယ်ဗျာ။

အဲလိုပဲ... နောက်ထပ် Layer တွေကိုလည်း အထက်ကအတိုင်းလုပ်မယ်။ ပြီးရင် Layer Mask သုံးပြီး မလိုတဲ့နေရာတွေကို ဖျက်ပစ်မယ်။ ဒီလိုမျိုးဗျာ...

အဆုံးသတ် ဖန်တီးပြီးသွားရင်တော့ ပုံအတိုင်း တွေ့ရမှာပေါ့ဗျာ...

KZO: ဟိုက်ရှားဘား... ရေရေလည်လည်ကို လန်းတယ် ဆရာသမားရေ... ကျုပ်လည်း ကိုယ်ပွားတွေ ဖန်တီးကြည့်လိုက်ဦးမယ်။ တကယ်လို့ လူတွေအများကြီး ပါမယ်ဆိုရင် ခက်လည်းခက် ရှုပ်လည်းရှုပ်ကုန်မှာပေါ့နော်...
HTN: အင်း... လူချင်းမထပ်အောင်တော့ ဓာတ်ပုံရိုက်တဲ့အခါ သေချာနေရာရွေးပေါ့ဗျာ... အဓိကကတော့ Tripod ဆိုတဲ့ ထောက်တိုင်နဲ့ သုံးပြီးရိုက်ဖို့ပဲဗျ။ ပြီးတော့ ပတ်ဝန်းကျင် အလင်းအမှောင် အပြောင်းအလဲမမြန်တဲ့နေရာမျိုးမှာပေါ့ဗျာ။ ဒီမှာ နမူနာတွေ ရှိသေးတယ်... ကြည့်သွားဦး...


KZO: အင်း... ဒါကြောင့်လည်း ဆရာဟန်၊ ဆရာဟန်ဆိုပြီး နာမည်ကျော်နေတာကိုး... မြန်မာပြည်မှာ မျောက်မင်းဝူခုံးကားရိုက်ရင်... ဆရာ့ကိုခေါ်သုံးမှပဲ...
HTN: တော်... တော်တော့ ပုဂ္ဂိုလ်... အပိုစာသားတွေ၊ စာသားအပိုတွေ အခုရပ်...
KZO: အေးပါဗျာ... ကျုပ်လည်း တော်တော်အသွင်ထူးတဲ့ ကျော်ဇင်ဦးဖြစ်သွားအောင်... ပေါ်တင်ကူးလိုက်တော့မယ်ဗျာ...
HTN: အဟား... ဟား... ဟား...
Photo to Sketch
ဒီတစ်ခါတော့မိမိရဲ့ပုံတူ Sketch တစ်ခုကို Photoshop နဲ့ဆွဲကြည့်ကြရအောင်ဗျာ၊ ဒီမှာအဓိက လိုအပ်တာကတော့ ပန်းချီအမြင်ပါ။ ဒါပေမယ့် ပန်းချီဆရာတစ်ယောက်ရဲ့ အမြင်မျိုးထိမဟုတ်ပါဘူး၊ အလင်းအမှောင်ကြည့်တတ်ရုံ မျက်နှာတစ်ခုမှာ ပေါ်လွင်တဲ့နေရာကြည့်တတ်ရုံ လောက်ပါ။ Sketch ဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့မျက်နှာမှာ ပေါ်လွင်တဲ့အမှတ်အသားကြည့်တတ် ရေးခြယ်တတ်ရင်တော့ပိုကောင်းပါတယ်။ ကရေကချာပုံဆွဲနိုင်တဲ့ ပညာရှင်အဆင့်လိုမျိုးဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ Photoshop ကတော့သင့်စိတ်ကူကို အကူအညီပေးရုံသက်သက် ရယ်ပါ။ အခုအသုံးပြုမယ့်ပုံကိုဖွင့်လိုက်ပါမယ်

အရင်ဆုံး Layer ၂ခုကို Create လုပ်ပါမယ် (Ctrl + Sift + N)။ ပုံမှာပြထားတဲ့အတိုင်း Backgraound Layer ပေါ်က Layer 1 ကိုအဖြူရောင် Fill လုပ်ထားပါမယ်။ Layer 2 ကိုတော့ ဒီအတိုင်းပဲထားလိုက်ပါ။

Pen tool ဟာ အခု Tutorial မှာအဓိကအကျဆုံး Tool ပါ၊ Pen tool ကိုရွေးပြီးတော့ ပုံပေါ်မှာ Path လမ်းကြောင်းလေးတွေဆွဲမှာပါ။ Pen tool အကြောင်းကိုအရင်သင်ခန်းစာတွေမှာဖော်ပြခဲ့ပြီးပါပြီ။ အခု Pen tool နဲ့တွဲသုံးမယ့် Tool တွေကတော့ Path Selection Tool နဲ့ Direct Selection Tool တွေပါ။ Path Selection Tool ဟာမိမိဆွဲထားတဲ့ Path လမ်းကြောင်းတစ်ခုကို Select လုပ်ပေး move လုပ်ပေးနိုင်ပါတယ်၊ Direct Selection Tool ကတော့ အဲဒီ Path တစ်ခုထဲက Node လေးတွေကို Select လုပ်ပေး move လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Node ရဲ့ Handle လေးကိုရွေ့ပေးခြင်းဖြင့် Path ရဲ့ပုံစံကိုပါ ပြောင်းပေးနိုင်ပါသေးတယ်။


အခု path တွေကိုစဆွဲပါမယ်၊ ဒီမှာစောစောက Layer 1 အဖြူရောင်ကြီးကို ပိတ်ဖွင့်လုပ်ခြင်းဖြင့် မျက်စိအမြင်ကို ချိန်ဆကာ Path တွေကို ပြင်ဆင်ခြင်းပြုလုပ်နိုင်ပါတယ်။ Path တစ်ကြောင်းဆွဲပြီးတိုင်း Move tool ကိုရွေးကာ Path လမ်းကြောင်းများမရှိသောနေရာတွင် Click နှိပ်ပေးပါ။ ဒါဆိုရင် အဲဒီ Path လမ်းကြောင်းကို Deselect လုပ်တာ (သို့) အဲဒီ Path ကိုဆွဲပြီးသွားပြီလို့ဆိုလိုတာပါ။ ပြီးမှ Path tool ပြန်ယူပြီး နောက်ထပ် Path လမ်းကြောင်းများထပ်ဆွဲပါ။

သင့်စိတ်ကြိုက် Path လိုင်းများဆွဲပြီးသွားရင်တော့ Layer 2 ကို Active ပေးလိုက်ပါ၊ အဲဒီနောက် window>Paths palette ကိုဖွင့်လိုက်ပါ ပြီးရင်တော့ အဲဒီ Palette ထဲက work path ဆိုတဲ့စာသားလေးပေါ်နေတဲ့နေရာကို Right click နှိပ်ပါ။ အဲဒီကမှ Stroke Path ကိုနှိပ်လိုက်ပါမယ်၊


Stroke path option မှာ Tool ကိုတော့ Pencil ရွေးထားလိုက်ပါမယ်၊ အဲဒီတော့ Setting တွေက Pencil tool အတိုင်းဖြစ်လာမယ်ပြောတာပါ Brush size တို့ color တို့ကိုပြောတာပါ။ OK နှိပ်ပါ၊ Result ကိုကြည့်ပြီး Stroke size တို့ Color တို့ပြင်ချင်ရင် Undo (Ctrl+ Z) လုပ်ပြီး Pencil tool ကိုရွေးကာ option တွေပြင်ပါ၊ ပြီးမှစောစောကပြောခဲ့တဲ့အတိုင်း Path palette ရဲ့ fly out menu ကနေ Stroke path ပြန်လုပ်ပါ။ အိုကေ ဒါဆိုပုံကိုဒီလိုရနေပါပြီ။

မေးစရာတစ်ခုရှိနိုင်ပါတယ် ရယ်နေပြုံးနေတဲ့နေရာတွေမှာ ပါးကအရိပ်လေးတွေဘာကြောင့်မထည့်ရသလဲဆိုတာပါ၊ အဲဒါကတော့ ကြည့်သူအမြင်မှာ ပိုကောင်းအောင်လို့ပါ။ တစ်ခါပုံဆွဲခြင်းရဲ့လျှို့ဝှက်ချက်ပဲဆိုရလေမလား မျက်လုံးတွေကိုဆွဲတဲ့အခါမှာ အောက်မျက်ခမ်းဟာ အပေါ်မျက်ခမ်းထက်အမြဲပါးနေရပါမယ်၊ လုံးဝထင်းမနေရပါဘူး။ ဒီအချက်လေးတွေကိုလဲဂရုစိုက်ရပါမယ်။ ဒီပုံစံ Sketch လေးတွေဟာ ဖန်တီးသူရဲ့ အမြင်နဲ့သာ သက်ဆိုင်ပါတယ်။ အကယ်၍သင်ဟာ ပန်းချီအနုပညာဖန်တီးမှုမှာ အားသာခဲ့ရင်တော့ ဒီထက်ကောင်းတဲ့ပုံတွေကို ဖန်တီးနိုင်မှာပါ။ အောက်မှာနမူနာပြထားတဲ့ပုံကိုလေ့လာကြည့်ပါဦး

No comments:
Post a Comment