4 May 10, 19:38
Q: ဆရာ ကျွန်တော် အပြင်လိပ်ခေါင်း ဖြစ်နေလို့ သူများနိုင်ငံမှာ အလုပ်လုပ် နေရတော့ မကုသ သေးရင် ဘာတွေဖြစ်နိုင် ပါသလဲ ဆရာ။
5 May 10, 12:51
A: ဖြစ်လာနိုင်တာတွေက -
၁။ ၀မ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ၀မ်းမချုပ်စေတဲ့ အစားအစာ စားပါ။ ရေများများ သောက်ပါ။
၂။ အဆင်မသင့်ရင် လိပ်ခေါင်းမှာ သွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်း သွေးကြောပိတ်နေတာကို ခွဲပြစ်ရမယ်။ စိုးရိမ်စရာ မလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။
၎။ ထွက်နေတဲ့ လိပ်ခေါင်းက ပြန်မ၀င်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာ ထွက်နေတဲ့ လိပ်ခေါင်းက ရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို (ဆားခါး) မှုံ့ကို အဆီ (ပါရာဖင်ဆီ) တခုခု ဆွတ်ထားတဲ့ ပတ္ထီး၊ အ၀တ်စမှာ တင်ပြီး လိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။
၅။ ၀မ်းသွားတဲ့အခါ နာတာ။ ဒါတွေဘဲ ဖြစ်မှာပါ။
လုပ်ရမှာတွေကိုပါ ပြောပါမယ်။ လိပ်ခေါင်းကနေ သွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်း သိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုး သောက်ပါ။ သံဓါတ်က ၀မ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး-ဟင်းအိုးမှာ ချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်း သံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-၀က်-ကြက် အသဲကလဲ သွေးအား ကောင်းစေတယ်။
ဝမ်းပြော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေက အကြမ်းဖျင်းပြောရရင် အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးမတီ (ရုံးပတီး)သီး၊ မုံလာ ဖြူ-နီ-စိမ်း၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲ အမျိုးမျိုး၊ ကြက်သွန်နီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ မာလကာသီး၊ စွန်ပလွန်သီး၊ ဘယ်ရီသီး၊ သစ်တော့သီး၊ ကီဝီသီး၊ စပျစ်သီး၊ ပန်းသီး၊ နေကြာစေ့၊ မြေပဲဆံ၊ အုံးသီးဆံ၊ ငှက်ပြောသီး၊ လိမ်မော်သီး၊
ဝမ်းချုပ်ရင် ပြင်းတဲ့ ၀မ်းနုတ်ဆေး အစား ခပ်ပြော့ပြော့သောက်ပါ။ ကောင်းတာက Milk of Magnesia or Cream of Magnesia ခေါ်တဲ့ ဆေးရည်ကို မအိပ်ခင် ဟင်းစားဇွန်း ၂ ဇွန်းသောက်ပါ။
ဝမ်းသွားတဲ့အခါ နာတာဖြစ်ရင် လိပ်ခေါင်းထည့်ဆေး တခုခုကို ၀မ်းမသွားခင် ထည့်ပေးလို့ရတယ်။ ဆေးတောင့်လဲ လာတယ် (ခရင်မ်) လဲလာတယ်။ တချို့က ချောဆီသဘောဖြစ်ပြီး၊ တချို့က ထုံဆေးသဘောဖြစ်တယ်။
အစိုးရိမ် မကြီးပါနဲ့။ ခန္ဓာကိုယ် အ၀မလွန်စေနဲ့။ အနေအထိုင် ဂရုစိုက်ပါ။ ကြမ်းပြင်မှာ ဆောင့်ကြောင့် မထိုင်ပါနဲ့။ ဗမာပြည်မှာ မီးလှုံရင်း၊ မြေစိုက် မီးဖိုမှာ ထမင်းချက်ရင်း၊ သန်းရှာရင်း စသဖြင့် လုပ်ချိန်သုံးတဲ့ ဖင်ထိုင်ခုံလို ခုံအနိမ့်ကို မသုံးပါနဲ့။ ချောင်းဆိုးတာ၊ နှာခြေတာ လုပ်ရတိုင်း၊ စအိုနေရာကို စိတ်ကနေ ထိန်းထားပါ။ အလေးအပင်မတာ၊ အထိုင်အထ လုပ်တာမှာလဲ ထိန်းပြီးမှ လုပ်ပါ။
ခြေလေးချောင်း တိရိစ္ဆာန်တွေမှာ လိပ်ခေါင်း မဖြစ်ပါ။ ရောဂါထနေရင် တယောက်တည်း ရှိနေတဲ့အခါ၊ အိပ်ယာပေါ်မှာ လေးဘက်ထောက် အနေအထားနဲ့ နားနေရင် သင့်ပါတယ်။ စအိုနေရာကို ဘာဖိအားမှ မသက်ရောက်စေလို့ပါ။ အိမ်သာက ဆောင့်ကြောင့် ထိုင်ရတာမျိုးကို မသုံးပါနဲ့။ အင်္ဂလိပ်ပုံစံဆိုတာမျိုး သုံးပါ။ ခါးကို ၉၀ ဒီဂရီထိုင်လို့ရတာမျိုး။ ၀မ်းသွားပြီးတိုင်း စက္ကူ၊ တွိုင်းလက်ပေပါ၊ တစ်ရှူး အစား၊ ရေကိုသာသုံးပါ။
ကျန်းမာပါစေ။
Dr. တင့်ဆွေ
၅-၅-၂၀၁၀
No comments:
Post a Comment