ကျွန်တော့ဘလော့

သခြင်းတရားသည်လက်တကမ်းတွင်ရှိနေသည်..မနက်ဖြန်သည်ပင်လျှင်စိတ်မချရပါ..

Thursday, May 6, 2010

ဟိန္ဒူ နှင့် ကိုးကွယ်ခြင်း သီအိုရီ အပိုင်း ၃-၂-၁

ဟိန္ဒူ နှင့် ကိုးကွယ်ခြင်း သီအိုရီ အပိုင်း ၃

“ ဘုရားသခင်က လူတွေ ကို ဖန်ဆင်းသလား...
လူတွေ ရဲ့ကြောက်စိတ် ကြောင့် ပေါ်လာတဲ့ အတွေးက ဘုရားသခင်ကို ဖန်ဆင်းသလား ဆိုတာလေးကိုပါ...

” God Never Create The Men....
Men Only Create The God ”

အဲဒါကြောင့် ဘာသာတရားတွေဟာ ကမ္ဘာ ဦးက ဒီလိုပေါ်လာတာဆိုတာကို(Comparative
Study Dhamma & Religion) ဘာကွာသလဲ ဆိုတာလေးပြောတာပါ...
အထက် က အကြောင်းအရာလေး ဆက်ရအောင်ပါ..

သိဒ္ဓတ္ထ ဘာလို့တောထွက် သလဲဆိုရင် ကာမဂုဏ်တွေ ကို အပြစ်တွေ့ ငြီးငွေ့တဲ့ အမဲရိုးခြောက် လိုသဘောပေါက်လို့ စွန့် သွားတာ...သူဘာသွားရှာသလဲ...ပါဠိ စာလုံးလေး ၂ လုံး ပြောပါ့မယ်
သန္တိ နဲ့ သစ္စာ (သစ္စာ တရား၊ သန္တိ တရား)ကို ရှာမလို့ ဆိုပြီးထွက်သွားတာ... ဥရုဝေလတော မှာ...၆နှစ်ကြာတယ်ဗျာ...မတွေ့ခဲ့ပါဘူး...ဘာကြောင့် ၆နှစ်ကြာရှာ တာမတွေ့ သလဲဆိုတော့ ရှာနည်း မှားနေလို့ပါ...


အဲဒီခေတ် အခါက အိန္ဒိယမှာ ခေတ်စားတာ အတ္တကိလမထ ( ခန္ဓာကိုယ်ကို ညှင်းဆဲသော အကျင့် ) အတ္တ =အတ္တဘော ခန္ဓာကိုယ်၊ ကိလမထ =ပင်ပန်းသောအကျင့် ဆာဒူးတွေ၊ ရသေ့တွေ၊ယောဂီတွေ၊ပရဗိုဇ်တွေ ဥရုဝေလတော မှာ သိန်း၊သန်းချီပြီး ကျင့်သောအကျင့်၊

ပရဗိုဇ်တွေ တနေ့လုံး တညလုံး ရေစိမ်တယ်...
တစ်ချို့ ပရဗိုဇ်တွေ ကလည်း မီးလှုံကြတယ်မီးဖို ၄ဖိုရဲ့ အလည်ခေါင် ၀င်ထိုင်ကြတယ်...
တစ်ချို့တွေကလည်း အစာလုံးဝမစားပဲ အငတ်ခံ ခန္ဓာကိုယ် ကို ခြောက်သွေ့အောင် လုပ်ကြတယ်...
တစ်ချို့တွေကလည်း ခန္ဓာကိုယ် ကို ဆူးတတ်တဲ့ ကြိမ်လုံးတွေနဲ့ရိုက်နေကြတယ်...
တစ်ချို့တွေကလည်း ပုလင်းကွဲတွေ ကြိတ်ပြီး အဲဒီပေါ်မှာ လိမ့် အိပ်နေကြတယ်...

(Self-modification) ခန္ဓာ ကိုယ် ကို ညှင်းပန်းနှိပ်စက်ခြင်း ဖြင့် ရာဂ၊ဒေါသ ချုပ်ငြိမ်းနိုင်တယ်လို့ ယူဆတယ်တဲ့ဗျာ...

သိဒ္ဓတ္ထ ဟာလည်း ဆရာမျိုးစုံဆီမှာချဉ်းကပ်ပြီး ဒါတွေ လိုက်ကျင့်နေတာ ၆နှစ်ကြာတယ်ဗျာ...မှားမှန်းသိတော့ မှ အဲဒါတွေ အကုန်စွန့်ပြစ်ပြီးတော့ သူ့နည်း အသစ် မဇ္ဈိမ ပဋိပဒါ လမ်းစဉ် ကို တီထွင်တယ်...

အဲဒီနည်း အသစ်က ဘာတွေလည်း ဆိုရင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဆိုတဲ့ --

သိမှန် ကြံမှန်၊ပြော ပြုမှန်နှင့်၊ ကောင်းမှန် သက်မွေး၊ဖြူစင်ဖွေး၍၊
မှန်ရေးကြိုးစား၊ မှန်ငြား သတိ၊ သမာဓိဟု ၊
ဤသည့်ရှစ်ဖြာ၊ ကျင့်စဉ် ပါမူ၊
ဘာသာဝါဒ၊ ၀ဋ်ဒုက္ခ၊ မုချ ငြိမ်းစေသည်.ဆိုတဲ့ မဂ္ဂင် ၈ ပါးပါ...

ဒါကြောင့် ကိုးကွယ်တာနဲ့ ပက်သက်ပြီး သင့်တော် မှန်ကန်တဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်၊
၁၃၆၆ခုနှစ် နယုန်လဆန်း ၁၄ရက်နေ့ တောင်တွင်းကြီးမြို့မှာ ( သဲဖြူရွာမှ ချင်းလူမျိုး တို့အား ) ဟောကြားခဲ့သော သီတဂူ ဆရာတော်ဘုရားကြီး၏ ဗုဒ္ဓ ဘာသာ အကျဉ်းချုပ်တရား ( a summary of Buddha teaching ) မှ ကောက်နုတ် ရေးသားပါသည်။

ဟိန္ဒူ နှင့် ကိုးကွယ်ခြင်း သီအိုရီ အပိုင်း ၂

စိတ်ကူးယဉ် ဘာသာရေး(Imaginary Religion ) ...ကြောက်စိတ်ကြောင့်ပေါ်လာသောဘာသာရေးပါ ..
.စိတ်ကူးယဉ် ဆိုမှတော့ လက်တွေ့ မပါတာ သိကြမှာပါ...
သိဒ္ဓတ္ထ၊ဂေါတမ တို့ တည်ထောင်တဲ့ ဘာသာရေးက အဲဒီလိုမျိုး ကိုလုံးဝ မဟုတ်ပါဘူး...တို့ကိုးကွယ်တဲ့ ဘာသာရေးကတော့ (Realistic Teaching ) ခေါ်တယ်ဗျာ..

အမေ၊အဖေ ရှိတယ်ဗျာ...တိကျတဲ့ သေချာတဲ့နောက်ခံ သမိုင်းကြောင်းရှိပါတယ်...ဒါတွေ ဟာငြင်းလို့ မရပါဘူး...သိဒ္ဓတ္ထ ဒီနေရာမှာ( လုမ္ဗိနီ ) မွေးသွားတာ မယုံ ဘူးလားဗျာ... မယုံရင်သွားကြည့်ကြပါ
လွန်ခဲ့ သောနှစ်ပေါင်း ၂၃၀၀ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြု ပြီးနောက် နှစ်ပေါင်း ၂၀၀ကျော်မှာ သိဒ္ဓတ္ထ မွေးခဲ့သောနေရာမှာ အာသောက မင်းကြီးက ကျောက်စာစိုက်ထားတယ်ဗျာ...ကျောက်တိုင် သက်တမ်း ကိုက နှစ်၂၃၀၀ ကျော် ရှိသွားပါပြီ...ကျောက်တိုင်မှာစာရေးသွားပါတယ်..
.ဒီနေရာပါတဲ့ သိဒ္ဓတ္ထ၊ဂေါတမ မွေးသွားတဲ့ နေရာပါတဲ့...ခိုင်လုံသော အထောက်အထားပါ...

-အိန္ဒုဘာသာ(ဟိန္ဒူဘာသာ) အရ ကမ္ဘာ ကိုဖန်ဆင်းတာ ဗြဟ္မာ
-ခရစ်ယာန် ဘာသာမှာ ကမ္ဘာ ကိုဖန်ဆင်းတာ GOD ဘုရားသခင်
-အစ္စလာမ် ဘာသာမှာ ကမ္ဘာ ကိုဖန်ဆင်းတာ Allah...
- ဂျူးကလည်း(အစ္စရေး လူမျိုးတွေ က)လာတယ်ဗျာ သူတို့ ဘုရား ယေဟောဝါ Jehowahoo က ဖန်ဆင်းတာပါတဲ့။

ဖန်ဆင်းရှင် ၄ယောက်ရတယ်ပေါ့ဗျာ...ဒီလေးယောက် သာ ကမ္ဘာ ကိုဖန်ဆင်းတယ်ဆိုရင် ...... တစ်ယောက်ယောက်က ဦးစွာ ပေါ်ပေါက်ပြီးတော့ ဖန်ဆင်းပြီးသား ဖြစ်သွားခဲ့ ရင် ကျန်သုံး ဦးက ဖန်ဆင်းစရာ ရှိမှ ရှိပါဦးမလားတွေးမိတယ်... သို့မဟုတ် လေးဦးစလုံး တစ်ပြိုင်နက် ပေါ်ပေါက်လာတယ် ဆိုရင် လည်း အလုအယက် ဖန်ဆင်းပြီး ဒီဘုရား လေးဆူ ရန်မဖြစ်ဖူးလား...ဒါလည်းတွေးစရာပါ... နောက် တွေးမိတာလေးတစ်ခုက ဒီဘုရားလေးဆူ ( Conference ) ညီလာခံ လုပ်ပြီး ဝေဘုံကျ ဖန်ဆင်းသွား သလားလို့ပေါ့လေ...


.မင်းက အာရှတိုက်ဖန်ဆင်း...ငါက ဥရောပတိုက် ဖန်ဆင်း သူက တောင်/ မြောက် အမေရိက တိုက်ကို ဖန်ဆင်း....ဒီလိုပုံစံနဲ့ ဖန်ဆင်းသွားသလား တွေးကြည့်တာပါ...အဖြေကတော့
ခုထိကို မရသေးဘူး...
Natural & Super Natural...(သဘာဝနဲ့ သဘာဝလွန်)
ဗုဒ္ဓ ၀ါဒဟာ Natural သဘာဝ ပါ...
BC 623 မှာမွေးတယ်၊အသက် ၁၆ နှစ်မှာ အိမ်ထောင်ပြုတယ်...ယသော်ဓယာ မင်းသမီးနဲ့...အိမ်ရှေ့ မင်းသား ဘ၀နဲ့ နေတာ ၁၃ နှစ်...၂၉နှစ် အရောက်မှာ ထီးတွေ၊ နန်းတွေ၊ကြငှန်းတွေစွန့်ပြီး
တောထွက်တယ်...တစ်နည်းပြောမယ်...ဒါလေးကပိုကောင်းတယ် သေသေချာချာမှတ်ထားကြပါ
လောကီ ကာမဂုဏ် တွေ ကိုစွန့်တယ်(စည်းစိမ် ချမ်းသာတွေ ကိုစွန့် သွားတယ်) ဘာကြောင့် ဒီစည်းစိမ်တွေ ကို စွန့်သွားသလဲဆိုရင် မင်းချမ်းသာ၊ မင်းစည်းစိမ်တွေပေါ် မှာအပြစ်တွေ့ လို့ ငြီးငွေ့သွားလို့ပါ...

ဥပမာတစ်ခု ထပ်ပေးမယ်ဗျာ...ခြောက်သွေ့နေတဲ့ အမဲရိုးလေး ၁ချောင်း...အသား တစ်စမ
ှမရှိဘူး...အဲဒါလေးကို ခွေးတစ်ကောင် သွားတွေ့တယ်...နှာခေါင်းနဲ့ ရှုကြည့်တယ် ညှီစို့စို့ အနံ့ ကလေးရတယ်...ဒီအနံ့ လေးရတော့ ဒီခွေးကထင်တယ်...ဒီ အရိုးထဲမှာ နတ်သုဒ္ဓါလောက်ကောင်းတဲ့ အရသာ ရှိလိမ့်မယ်...ခွေးကလေးတွေးတာပါ...ဘယ်သူ့ကိုမှ မရည်ရွယ်ဘူးနော်...

...အဲဒီလို အထင်ကလေးနဲ့ အမဲရိုးလေး ကို အမှိုက်ပုံကလေး နားကို ကိုက်ချီပြီးသွားတယ်...
အဲရောက်တော့ အရိုးလေးကို အောက်ချလက်ကလေး၂ဖက်နဲ့ကိုက်တယ်...တွေးကြည့်ကြပါ...
ခြောက်နေသော အမဲရိုးဟာ ကိုက်ဖန်များတော့ စိုလာတယ်ဗျာ...စိုမှာပေါ့ဗျာ...သူ့ပါးစပ်က သားငန်ရည်တွေထွက်တော့ အရိုးခြောက်က စိုပြေလာတယ်ပေါ့ဗျာ...အဲဒီ သားငန်ရည် ဓာတ်လေးကို လျက်ကြည့်တယ်...
ရသာ ၆ပါး ရှိမယ် အထင်နဲ့ ဖိကိုက်တယ်...ကိုက်ရင်းနဲ့ သားငန်ရည် အရသာနဲ့ အညှီနံ့ထက် ပိုတာဘာရသေးလဲ...ဘာမှမရဘူးတဲ့ဗျာ...


အဲလိုနဲ့ ကာလကြာလာတော့ အောက်သွားမဲ့၊ အထက်သွားတွေလည်း ကုန်ပေါ့လေ...ဒါလည်း စိတ်မကုန်နိုင်သေးဘူး ကိုက်ဦးမယ်တဲ့ဗျာ အမဲရိုးခြောက်ကို ။အရသာတော့ ထွက်ဦးမယ်ထင်တာ
ပဲပေါ့လေဒီခွေးလေး အတွေးမှာပါ...
အဲဒါနဲ့ အမဲရိုးခြောက် ကလေးကို အမှိုက် ကလေးတွေနဲ့ ဖုန်းပြီး အမဲရိုးခြောက် အနီးမှာ ခွေခွေ ကလေးအိပ်တယ်ပေါ့ဗျာ...အိပ်ရာက နိုးတော့ ခေါင်းလေးထောင်ပြီး ကြည့်တယ်...အာ ကိုက်ဦးမှပဲဆိုပြီးတော့ပေါ့လေ...
အပေါ်သွားတွေလည်းကျိုး၊ အောက်သွားတွေလည်း ကျိုးပေါ့လေ... ဘယ်သူ့ ကိုမှ စောင်းမပြောဘူးနော်..တိုက်ဆိုင်နေရင် ဘာမှမတတ်နိုင်ပါဘူးဗျာ

.ဒါလေးကို ထပ်ကာဖို့ ထပ်ပြီး ဥပမာ ပေးသေးတယ်...ဘယ်လို ဟောသွားလဲလို့... ပုသိမ်ရဲ့ အောက်နားလေးမှာ လပွတ္တာ ဆိုတဲ့ မြို့တစ်မြို့ ရှိတယ်ပေါ့ဗျာ ဆားတွေ သိပ်ပေါတယ်ဗျာ ...ရှင်ပြုအလှူတစ်ခုလှူတယ် ...အလှူ့ရှင်က အလှူ မဏ္ဍပ်တိုင်တွေ နားမှာ ဆားအိုးကြီးတွေ ချထားတယ်ဗျာ...အလှူရေစက်ချ အမျှဝေအပြီး အလှူလာတဲ့သူတွေ အိမ်ပြန်တဲ့ အခါ လူတစ်ယောက် ဆား ၁ဆုပ်လှူမယ်ပေါ့လေ...ထုပ်စရာ ဖတ်တော့ မရှိဘူး...လက်နဲ့သာ နှိုက်ပြီးတ ဆုပ်စီယူကြ
ရမှာပါ...ဒီလိုနဲ့ အိမ်အပြန်မှာ ဆား ၁ဆုပ်စီ ယူရောပေါ့ဗျာ...

အဲဒီအထဲမှာ လက်ခွကြား ၀ဲပေါက်တဲ့ သူတွေကတော့ ဆားဆုပ်မိတော့ စပ်လိုက်မဲ့ အမျိုးနော်...တွေးကြည့်နော် ...အလှူ့ ရှင်ကဆားလှူတာနော်...သူ့ ၀ဲနဲ့ သူစပ်တာတော့ မတတ်နိုင်ဘူး...ဒီလူတွေလဲ ဆားအလှူမှာ ၀ဲပေါက်သူတွေလို ပါကောင်း ပါနိုင်ပါတယ်။ .

ဓမ္မဆိုတာ Nature ပါ...Religion ကဒီလို မဟုတ်ဘူးဗျာ...သဘာဝလွန်နေပါတယ်...ဘယ်လို သဘာဝလွန်တယ်ဆိုတာ အထက်မှာ ကျွဲကလေးနဲ့ ဥပမာပေးပြီး သားပါ...အဲဒီ ဥပမာမှာတွေး ကြည့်ရင် ကျွဲကို ရှေ့ထားပြီး နောက်ကနေ ဘုရားသခင် ထည့်ပေးလိုက်တယ်...ဒီတော့ စဉ်းစားစရာရှိတယ်...

ဆက်ပါအုံးမည် - -

ဟိန္ဒူ နှင့် ကိုးကွယ်ခြင်း သီအိုရီ အပိုင်း ၁


ဒီ ဟိန္ဒူဘာသာက အိန္ဒိယကစတယ် လို့ဆိုရမယ်...ဟိန္ဒု မှာ ဟ ကိုဖြုတ်ရင် အိန္ဒု လို့ရမယ်...အိန္ဒု ဆိုတာ မြစ်နာမည်ပါ၊ အနောက်မြောက် ကခ်ျမီးယား၊ပန်ဂျပ်၊ပါကစ္စတန် တို့ကိုဖြတ်ပြီးဟိမ၀န္တာကနေ
စီးလာတဲ့မြစ်ဟာအိန္ဒုမြစ်ကလေးပါ၊ဟိန္ဒူဘာသာဟာအဲဒီမြစ်ကစတယ်လို့ထင်တယ်...ဒီမြစ်ကJune,July ဆိုရေလျှံတတ်တယ်၊June,Julyမှာ နေကဟိမ၀န္တာကနေတည့်တည့်သွားတယ်..

.အဲဒီအခါမှာ ဟိမ၀န္တာ ပေါ်မှာခဲနေတဲ့ ဆီးနှင်းခဲတွေ အကုန်ပျော်ဆင်းသွားတယ်။ဒီကာလမှာ ထိုအရပ်မှာ ရေလျှံလေ့ရှိတယ်။ တော်သလင်း၊သီတင်းကျွတ်ဆို ဟိမ၀န္တာမှာ ရေပြန်ခဲသွားတယ်။ဆီးနှင်း
တွေခဲသွားတော့ မြစ်ထဲကရေက နည်းနည်းပဲလာတယ်...ရေလျှံပြီးသွားရင် ရေလွမ်းမိုးသွားတဲ့ နေရာမှာ စိုက်လို့ပျိုးလို့ကောင်းပေါ့ဗျာ...ဒီလို စိုက်ပျိုးရေးကောင်းတော့ အဲဒီ ကမ်းရိုးတန်းတစ်လျောက်နေတဲ့ သူတွေက တွေး ကြတယ်...

ဝါဆို၊၀ါခေါင်တိုင်း ရေလျှံတယ်...ပြီးတော့ သူတို့လယ်တွေထဲကို မြေသြဇာတွေ ဖို့ဖို့ပေးတာ တခြားမဟုတ်ဘူး တန်ခိုးရှင်တစ်ယောက်ယောက်က လယ်ထဲကိုဖို့ပေးတယ် ဆိုပြီး အပိုတွေတွေးကြတယ်...စိမ်းစိုတဲ့ အပင်လေးတွေ ကိုကြည့်ပြီး လှလိုက်တဲ့ ကမ္ဘာ မြေကြီး ဘယ်သူများဖန်ဆင်းသလဲ -- အတွေးတွေနော် ၀င်လာပြီ...


အဲလိုတွေးရင်း ဗြဟ္မာဝင်လာတယ်...လှပတဲ့ ကမ္ဘာ ကို ဗြဟ္မာ ဖန်ဆင်းတယ်ဆိုလာကြပြီဗျာ...အဲဒီ ဗြဟ္မာ တကယ်ဖန်ဆင်းတာ ဟုတ်မဟုတ်တော့မသိဘူးဗျာ...တလွဲအတွေးတော့ အဲဒီ အိန္ဒု မြစ်နားက
လူတွေဆီဝင်လာပြီ ...အဲထပ်ပြီး လာသေးတယ် ဗျာ...

ဒီလိုလှပတဲ့ ကမ္ဘာ မြေကို ဘယ်သူစောင့်ရှောက် သလဲ ဆိုပြီးတွေးတာ ဗိသျှနိုး ၀င် လာပြန်တယ်..သဘာဝက ဖောက်ပြန်လို့ ရေတွေက ကြီး၊အချိန် အခါမဟုတ် မိုးတွေကရွာ...မိုးတွေကခေါင်... တောမီးကလောင်... အမျိုးမျိုးပေါ့လေ...စိုက်ပျိုးရေးတွေ က မကောင်း ၊သီးနှံတွေကပျက်ပြန်တော့လည်းအကြောင်း၊အကျိုးမတွေးဘူး...ကမ္ဘာတော့
ပျက်ပါပြီ...ဆိုပြီး သျှီဝကို သူတို့ဖန်ဆင်းကြပြန်တယ်...စဉ်းစားကြပေါ့လေ...

ဗြဟ္မာ ...ဗိသျှနိုး ...သျှီဝ
ဒီ၃မျိုးဟာ ဟိန္ဒူဘာသာ ရတနာ ၃ ပါးတဲ့ဗျာ...အတွေးတွေနော်...ဘာမှလက်တွေ့ မပါဘူး...
ကမ္ဘာ့ ဘာသာရေးတွေဟာ လက်တွေ့ မျက်တွေ့ (Realistic) မကျပဲ တွေးပြီးတော့ မှန်းပြီးတော့ ကိုးကွယ် ရတာတွေဟာ အများကြီးပါ...ဘာသာရေး အားလုံးရဲ့ အစဟာ ကြောက်စိတ်ပဲ

ဥပမာ နည်းနည်းပြမယ်...ငလျင်ကြီးစွာ လှုပ်တယ်...ဟာ ဘာလို့ ဒီမြေကြီးတွေ ဒီလောက်တောင်
လှုပ်ရတယ်...မြေကြီးထဲက ဘုရားသခင် စိတ်ဆိုးတော်မူတာဖြစ်မယ်လို့ တွေးကြပြန်တယ်...သိပ္ပံ ပေါ်ပေါက် ထွန်းကား လာတော့ အဲဒီအတွေးတွေ ပျောက်သွားတယ်...အဆင်မပြေလို့ ပေါင်လိုက်သလား...ရောင်းလိုက်သလားတော့ မသိဘူးပေါ့ဗျာ...

မိုးကြိုးတွေပစ် တော့လည်း မိုးတိမ်ထဲက ဘုရားသခင် စိတ်ဆိုးတယ် ဆိုကြပြန်ရော...
မြစ်ထဲက ရေတွေ လျှံပြန်တော့လည်း မြစ်ထဲက ဘုရားသခင်စိတ်ဆိုး တယ်ဆိုကြပြန်တယ်...
ဘေဘီလုံ လိုနိုင်ငံကြီး ဘုရားသခင် စိတ်ဆိုးတော်မူလို့ ဒဏ်ခတ်တာ ၇ နှစ်တိတိ မိုးခေါင်တယ်တဲ့ဗျာ

ရောခက်ပြီ...ဘုရားသခင် နေရာတိုင်းရောက်နေပြီ...မြေ၊ရေ၊လေ၊မီး ဟောဒီဓါတ်ကြီးလေးပါး မညီလို့သဘာဝရဲ့ ဖောက်လွဲ ဖောက်ပြန် ကိစ္စ မိုးခေါင်၊ ရေရှား၊ရေလျှံ ....... ဟူသ၍ ဘုရားသခင်ကို ဆွဲထည့်ကြတယ်...ဒီဘုရားသခင်သာ တကယ်ရှိရင် စိတ်ဆိုးမှာဗျ နော...သူတို့ဟာ သူတို့ အကျင့်တွေ မကောင်း၊ မဟုတ်မမှန်တာတွေ လုပ်ပြီး ငါ့ကို နေရာတကာဆွဲထည့်တယ်ဆိုပြီး...လူတွေဟာ ကြောက်လာပြီဆိုတွေးတော့တာပဲ...

မှောင်နဲ့ မည်းမည်း သန်းခေါင် တစ်ယောက်ထဲ ကွင်းပြင်ကြီးထဲမှာဆို တော့ ...လျှပ်စီးတွေ ကလည်းလက်...မိုးကြိုးတွေ ကလည်း ဒိုင်းကနဲဆို ပြစ်လိုက်ရင် အောင်မလေး ဘုရားသခင် စိတ်ဆိုးတော်မူပြီအဲဒီလိုဖြစ်နေတယ်နော...
ကျွဲကျောင်းသားတစ်ယောက်ကျွဲလေးကျောပေါ်ကနေပြီးပလွေကလေးမှုတ်ပြီးတောထဲဝင်သွား...
ကျားတစ်ကေင်က ကျွဲကိုခြောင်းတယ်၊ကျွဲကလည်း သိတယ်ဗျာ ငါ့တော့ ကျားက ခြောင်းနေပြီဆိုတာဒါနဲ့ တစ်ခါတည်း ခေါင်းကို ငုံ့ပြီး ချိုကို တိုက်ပွဲဝင်ဟန်ပြင်တယ်ပေါ့၊

ကျားခုန်အုပ်ရင် ခုခံမယ်ပေါ့လေကျွဲပေါ်ကကောင် ကတော့ ကြောက်လို့ ကျွဲအောက်ဝင်ပုန်း
တယ်ဗျာ...အဲဒီအချိန်မှာပဲ ကျားက ဗြုန်းဆို ခုန်အုပ်...ကျွဲကလည်း တခါထဲ လှည့်ပြီး ချိုနဲ့ ခံလိုက်တာ ကျွဲချိုဖျားမှာ ကျားက အသက်ထွက်သွား တယ်။ ကျား ဇာတာ နိမ့်တယ်ပေါ့နော်...ကျွဲချိုဆူးပြီး သေရတယ်လို့...အဲဒီအခါမှာ မှ ကျွဲဗိုက်အောက် က တွေးခေါ်ပညာရှင်ထွက်လာတယ်...

သူဘာပြောလဲဆိုတော့ ငါ့အသက်ကိုကယ်တာ ဒီကျွဲလေးမဟုတ်ဘူး၊ဘုရားသခင်က ကျွဲကို ၀င်ပူးပြီးကျားဘေး က လွတ်အောင် ကယ်တယ်တဲ့ဗျာ...အဲဒီတော့ ကျွဲဟာ ဘုရားသခင်ရဲ့ ကိုယ်စားလှယ်ဖြစ်သွားရရှာ တယ်...ဘုရားသခင်ဘယ်ဆီနေမှန်းတောင် မသိဘူး ...တွေးပုံလေးက ဗျာ...

အဲဒီတော့ အဲဒီလူဟာကျွဲရုပ်လေးထုပြီး ကိုးကွယ်တာပဲ...တိရိစ္ဆာန်ရှိခိုးတာ အဲဒီကစတာနော်..
.ဒါတွေထားပါလေ..အနည်းအကျဉ်းသိအောင် ပြောတာပါ...ပြောချင်တာကသူတို့တွေ ထင်ထားကြ ထင်နေကြတဲ့ ကောင်းကင်ဘုံရဲ့တစ်နေရာဆီကနေ ဘုရားသခင် ကိုယ်စားတိရိစ္ဆာန်တွေ
ဟာဝင်ရောက် ကယ်တင်လို့ သူတို့တွေ ကံကောင်းကြတယ်...
အသက်ဘေးက လွတ်ကြတယ်ပေါ့ဗျာ...အဲဒါတွေ အကုန်လုံး စိတ်ကူးတွေဗျ...အလကား ကြောက်စိတ်နဲ့ တွေးပြီး ပေါ်ပေါက်လာတဲ့ ဘာသာရေးတွေ(ကိုးကွယ်ရာ)...အဲဒီလို ဘာသာရေးမျိုးကို စိတ်ကူးယဉ် ဘာသာရေး လို့ပဲ ခေါ်ရ မှာပေါ့ဗျာ...လက်တွေ့မှ မကျတာ...

ယနေ့ ဗုဒ္ဓဘာသာ ၀င်တွေ တကယ်ကံကောင်းတယ်ဗျာ...ဗုဒ္ဓရဲ့ တရားတော်တွေ ကို သံဃာတော်တွေ ထံမှနေပြီး နာကြားနေရတယ်...စာအုပ်စာပေတွေ ဖတ်ကြရတယ်ဗျာ ...အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာလေး မှာ ကျားကိုတကယ် ကာကွယ်တာက ကျွဲဗျာ..အဲဒီကျွဲ ရဲ့နောက်မှာ ဘုရားသခင် တကယ်မရှိဘူးဗျာ...အဲဒီဘုရားသခင် ဘေးခဏဖယ်ဦး... သူ့ရှေ့ က ဖြတ်ဝင်လာတဲ့ တိရိစ္ဆာန်က ဘုရားရဲ့ ကိုယ်စားလှယ်လုပ်ပြီး အဲဒီလို ကိုးကွယ်မှုတွေကို လုပ်တဲ့ ကမ္ဘာ ဦးအစ လူတွေရဲ့ သဘောလေးကို ခန့်မှန်းကြည့်ရင်... ဒီကနေ့ ကိုးကွယ်တဲ့ဘာသာ ရေးက ဘယ်လောက်တိုးတတ် သွားပြီလဲ

ဆက်ပါအုံးမည် --

Sunday, May 2, 2010

သက်သက်လွတ် နှင့် ဟိန္ဒူအကြောင်း တစေ့တစောင်း အပိုင်း ၂

ခေတ်အဆက်ဆက်အလိုက် ကွဲပြားလာတဲ့ ရှီဝ ၏ သား ဂျနတ်စ်( Ganesh ) ရုပ်တုပါ
ကွဲပြားလာသော တေ့လွဲ လေးများ

ဝေဒကျမ်းများ၌ အခြေခံခဲ့သော ဟိန္ဒူ=ဗြဟ္မဏ ဘာသာသည် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရသဖြင့် ယခုခေတ် ဟိန္ဒူတို့ ယုံကြည်ကိုးကွယ်သော ဟိန္ဒူဘာသာသည် ဝေဒခေတ် ဘာသာတရားနှင့် အတော်ကြီး ခြားနားနေပြီ ဖြစ်၏။

ဝေဒခေတ်၌ ဣန္ဒြ၊ အဂ္ဂနိ၊ ၀ရုဏ စသော နတ်တို့အား ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းကို အလေးပေးထားသော်လည်း ဥပနိသျှဒ် စသော နောက်ပေါ် ဘာသာရေးကျမ်းများက ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းသည် အရေးမကြီး။ ဗြဟ္မာ=အတ္တကို မြင်အောင် ကြည့်နိုင်ဖို့သာ အရေးကြီးကြောင်း၊ ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်း၊ ယဇ်သီချင်း ဆိုခြင်းဖြင့် မွန်မြတ်လှသော အတ္တကို မတွေ့နိုင် မမြင်နိုင်ကြောင်း ဖော်ပြကြ၏။

ဘဂ၀ဒ်ဂီတ

မဟာဘာရတ၏ အစိတ်အပိုင်း ဖြစ်သော ဘဂ၀ဒ်ဂီတကျမ်း၌လည်း အတ္တ၏ သဘော သဘာဝကို ပို၍ပေါ်လွင်အောင် နည်းအမျိုးမျိုးဖြင့် ရှင်းလင်းဖွင့်ဆိုထား၏။ အမွှန်းတင်ထား၏။ ထိုကြောင့် ဘဂ၀ဒ်ဂီတကဗျာကျမ်းသည် ယခုခေတ် ဟိန္ဒူဘာသာဝင်တို့ အရိုသေဆုံး အမြတ်နိုးဆုံး ဦးထိပ်ထက် ပန်ဆင်ထားသော ကျမ်းဖြစ်၏။
ဒီလို နေရာမျိုးတွေလဲ Ganesh ရောက်တာပါပဲ

တစ်ဆူတည်းမှ ကိုယ်ပွါးသုံးဆူ

ဝေဒကျမ်းများ၌ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့သည် အလွန်ကြီး အရေးမပါကြ။ တလုံးတစည်းထဲလည်း မဟုတ်ကြပေ။ ခရစ်ပေါ်ပြီးနောက် နှစ်ပေါင်း ( ၄၀၀ )ခန့်၌ ပေါ်ထွန်းလာသော ဂုတ္တမင်းဆက်မှစ၍ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့ကို တလုံးတစည်းတည်း ပေါင်းစည်း ကိုးကွယ်လာရုံမျှမက တဆူတည်း

သော တန်ခိုးရှင် ဘုရားကြီး၏ ကိုယ်ပွါးသုံးဆူ ဟုပင် ယုံကြည်လာကြ၏။

လက်ဦးတွင် ဖန်ဆင်းရှင် ဗြဟ္မာကို ပို၍ အလေးအမြတ်ထားရာမှ ခေတ်အဆက်ဆက် ဖြတ်သန်းလာရာက တဖြည်းဖြည်း ဗြဟ္မာ၏ အခန်းကဏ္ဍ မှေးမှိန်လာကာ ဗိဿနိုးကို အမြတ်ဆုံး ကိုးကွယ်လာကြ၏။ ရာမာယနကျမ်း ပေါ်လာပြီး နောက်၌မူ ဗိဿနိုးသည် လူ့လောက အတွင်းသို့ ဘုရားဝင်စား အဖြစ် အသွင်အမျိုးမျိုးဖြင့် ၀င်ကာ လောကအကျိုးကို ဆောင်လာသည်အထိ ယုံကြည်ကြ၏။

ဘုရားလူဝင်စား အ၀တာရများ

ဗိဿနိုး နတ်ဘုရား ၀င်စားသော ဘုရားလူဝင်စား=အ၀တာရ ၉ ဦးရှိ၏။ တစ်ဦးမှာ ရာမ ဖြစ်၏။ ဂေါတမဗုဒ္ဓ ကိုလည်း န၀မ အ၀တာရ ဟု ဟိန္ဒူတို့က ယူဆကြ၏။ ရံဖန်ရံခါ ဗိဿနိုး ဘုရားသည် ငါးအဖြစ်၊ ၀က်အဖြစ်၊ လိပ်အဖြစ်၊ မနုသီဟ=လူခြင်္သေ့ အဖြစ်ဖြင့် ၀င်စားကာ လောကကို ကယ်တင်၏။
အထက်က ပုံလို ဖြစ်သလိုလဲ ကြွတော်မူတယ်

မဟာဘာရတကျမ်းတွင် ကရစ်ရှနား အဖြစ် ၀င်စားပြီးလျှင် အဇ္ဇုနနှင့်ယုဓိဌိလ တို့၏ စစ်ပွဲ၌ သွေးရင်းသားရင်းချင်း သတ်ဖြတ်ရမည် ဖြစ်၍ စစ်မတိုက်ချင်သော အဇ္ဇုနကို ဗိဿနိုးဝင်စားသော ကရစ်ရှနား ဘုရားက စစ်ရထားမောင်းပေးရင်း အတ္တအခြေခံကာ စစ်တရားဟောခဲ့၏။ ထိုတရား ဒေသနာတော်သည်ပင် ဘဂ၀ဒ်ဂီတ ပိဋကတ်တော် အဖြစ်ဖြင့် ဟိန္ဒူဘာသာဝင်တို့၏ ဦးထိပ်ထက်သို့ ရောက်လာခြင်းဖြစ်၏။

မပြောင်းလဲသေးသော ဇာတ်နိမ့် ဇာတ်မြင့် အယူများ

အစောဆုံး ဝေဒခေတ်မှ အခြေခံခဲ့သော ဘာသာရေး အယူအဆ အများအပြား ပြောင်းလဲခဲ့သော်လည်း ထိုခေတ်မှစ၍ ယနေ့ထိ မပြောင်းလဲသေးသော အယူအဆ တစ်ခုကား ရှိပါသေးသည်။ ယင်းမှာ ဇာတ်ဝါဒပင်ဖြစ်၏။ ဤ အမျိုးဇာတ် အနိမ့်အမြင့် ခွဲခြားသည့် ၀ါဒသည် ဗြဟ္မဏ=ဟိန္ဒူဘာသာမှတပါး တခြားမည်သည့် ဘာသာတရားမှာမျှ မရှိပေ။ ဤဇာတ် ခွဲခြားရေးဝါဒမှာ ဟိန္ဒူဘာသာ၏ ထူခြားသော လက္ခဏာတစ်ရပ် ဖြစ်ပေသည်။

ဝေဒကျမ်းများ၌ လူကို ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒ ဟု အမျိုးဇာတ် လေးပါး ခွဲခြားထား၏။ ဗြဟ္မဏ=ပုဏ္ဏားမျိုးသည် ဗြဟ္မာ၏ ခံတွင်းမှ ဖွား၍ အမြတ်ဆုံး ဖြစ်သည်ဟုဆို၏။ ခတ္တိယ=မင်းမျိုးသည် လက်မောင်းမှ ဖွား၏။ ဝေဿ=ကုန်သည် လယ်လုပ်မျိုးသည် ပေါင်မှ ဖွား၏။ သုဒ္ဒ=အမှိုက်သိမ်းသမား ဖိနပ်ချုပ်သမား စသော လူဆင်းရဲမျိုးသည် ဗြဟ္မာ၏ ခြေဖ၀ါးမှ ဖွားသောကြောင့် အနိမ့်ဆုံး အယုတ်ဆုံး ဇာတ် ဖြစ်သည်ဟု ဆို၏။

ဇာတ်မြင့်သူက နိမ့်သူကို နှိမ်၏။ အထင်သေး၏။ လူမှုဆက်ဆံရေး ဘာတစ်ခုမှ မလုပ်။ ဇာတ်နိမ့်သူကို မြင်တွေ့နေရတာသည်ပင် အမင်္ဂလာကြီး ဖြစ်နေ၏။ သူတောင်းစား မာတင်္ဂကို မြင်ရ၍ ဒိဌမင်္ဂလိကာ အမင်္ဂလာ ဖြစ်သွားသဖြင့် ခေါင်းလျှော်ပစ်၊ ရေချိုးပစ်ကာ မင်္ဂလာသစ် တင်လိုက်ရ၏။ ယခုခေတ်တွင်မူ ဇာတ် ၄ မျိုး မကတော့ဘဲ အမျိုးဇာတ်ပေါင်း ၂၀၀၀ခန့် ရှိနေပြီဟု သိရသည်။ Outcasts, Untouchables ခေည့် မထိကောင်းသော ဇာတ်မဲ့များလည်း ရှိသေးသည်။

ဤဇာတ်မဲ့တို့ကို ဇာတ်ရှိ ဇာတ်မြင့်တို့က မတော်တဆ ထိမိလျှင် ထိမိသူမှာ သန - သွားသည် အောက်သွားသည် ဟု ယုံကြည်ကြသည်။အရင်က အိန္ဒိယမှာ သီတင်းသုံးပြီး ပညာသင်နေသော ရဟန်းတော်တို့ကို အင်္ကျီတွေ ဘာကြောင့် ၀တ်ကြသလဲ ဆိုတာ နားမလည်ပေ၊

အခုမှ သိရသည်ကား ဟိန္ဒူဝါဒ ထွန်းကားသော နယ်မြေတွင် ပခုံးတစ်ဖက်ဖော် ထားပြီး သင်္ကန်းနှင့် လမ်းလျောက်သွားပါက ဘုန်းကြီးရဟန်း မမြင်ဖူးသော ကုလားတို့သည် ကုလားမ ဆာရီ အ၀တ်နှင့် တူသည် ဟု သဘောထားတတ်ကြသည် ။ ဘာသာရေး အသိ နည်းပါးသော တော်တော် အစွန်ဖျားကျသော မြို့ရွာတို့တွင် ဘုန်းကြီးတွေကို ဇာတ်နိမ့်တွေ ဟု ခံယူကာ ခေါင်းပုတ် ဖင်ပုတ်ပင် လုပ်တတ်ကြသေးတယ် ဟု တဆင့်စကား ကြားမိဖူး၏၊

အော် သူတို့ ဝေဒ ကျမ်းဂန်များမှာလဲ ပုဏ္ဏားတွေက လွဲရင် ကျန်တာ အားလုံး ဇာတ်နိမ့်မျိုး လို့ ဆိုထားသကိုး၊ သူငယ်ချင်းဘုန်းကြီး တပါးက ပြောခဲ့တာ သတိရမိသေးသည်။ အိန္ဒိယ မှာ နေဖူးပြီးရင်တော့ ကမ္ဘာမှာ ဘယ်နေရာမှာ မဆို နေနိုင်ပြီ လို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ် တဲ့။ ဒဠှံ ပဂ္ဂယှ ၀ီရိယံ -- ၀ီရိယ ကို ခါတိုင်းထက် ၂ ဆလောက် တင်ထားကာမှ တော်ကာကျပေလိမ့်မည် ၊ မြန်မာပြည်တုံးက ကိုယ်နဲ့ မဆိုင်ဘူး ဆိုပြီး အမှု့မဲ့ အမှတ်မဲ့ နေခဲ့ဖူးတယ်၊ အခုမှပဲ - အော် ခက်ပါတော့လား ဟိန္ဒူတွေရယ် လို့သာ ငြီးတွားမိလေတော့သတည်း။ ။

သက်သက်လွတ် နှင့် ဟိန္ဒူအကြောင်း တစေ့တစောင်း

ပူပြင်းတဲ့ ရာသီဥတုကို ကြံ့ကြံ့ခံရင်း အခုတလော စာရေးသူတို့ဟာ ဟိန္ဒူဘာသာဝင်တွေ အသိုင်းအ၀ိုင်းကို ရောက်နေပါတယ်၊ အိန္ဒိယ တနိင်ငံလုံးမှာ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်လောက်ဟာ ဟိန္ဒူဘာသာဝင်တွေသာ ဖြစ်ကြပြီး သက်သက်လွတ်ကိုသာ အများဆုံး စားသုံးကြတာကို သတိထားမိပါတယ်၊ တချို့ အနည်းစုလဲ အသားငါး စားကြတာကို တွေ့ရပါတယ်။

ကြုံရတဲ့ ဒုက္ခကတော့ သက်သက်လွတ် ပတ်ဝန်းကျင်ကို ရောက်သွားတဲ့ စာရေးသူတို့အတွက် မဖြစ်မနေ သက်သက်လွတ် ကျင့်စဉ်ကို ကျင့်နေရပါတယ်၊ ကိုယ်တယောက်ထဲ လား ဆိုတော့ မဟုတ်၊ အဆောင်မှာ အတူနေနေကြတဲ့ မြန်မာရဟန်းတော်များအားလုံး သက်သက်လွတ် နေရပါသတဲ့၊ အသား အစား ကျူးတဲ့ မြန်မာတွေ ပါးစပ်နဲ့တော့ ခက်ပဲ ခက်ရချည်သေးရဲ့ ၊ တခါတလေ မနေနိုင်လွန်းလို့ အသား ငါးလေး တွေ ဘုန်းပေးကြတယ်၊ စားလိုက်ရတာနဲ့ မတန်ဘူး၊ အဆောင်မှုးကနေ စပြီး ပြဿနာ ရှာတော့တာပဲ၊ ကြာလာတော့ ပြဿနာ မတက်ချင်ကြတော့တာနဲ့ အသားကို တတ်နိုင်သမျှ ရှောင်ကြရပါတော့တယ်၊

ကြက်၊ ၀က်၊ ငါး ဘာအသားမှ မစားရ၊ ငါးပိ ၊ ငါးခြောက်၊ ပုဇွန် လုံးဝ မချက်ရ၊ မသုံးရ - ဆိုတော့ တခါတလေ စိတ်တောင် ပျက်မိပါရဲ့၊ အင်း ဒီပို့စ်ကို ရေး၇င်းနဲ့ အခုမှ သဘောပေါက်မိတယ်၊ အရှင်ဒေ၀ဒတ်ဟာ မြတ်စွာဘုရားကို ဆု ၅ ချက် တောင်းတဲ့ အထဲမှာ ရဟန်းတော်တွေ သက်သက်လွတ် စားကြပါစေဘုရား၊ ဘယ်လို အသားငါး ကိုမှ မစားကြစေဖို့ သိက္ခာပုဒ် ပညတ်တော်မူပါဘုရား လို့ လျောက်ထားခဲ့ဖူးတယ်၊

ဘာမှ အကျိုးမများပဲ လူတွေရဲ့ စွဲလမ်းမှု့ သက်သက်ကြောင့်သာ အစဉ်အလာအရ ကျင့်သုံးနေကြတာကို သိမြင်တော်မူခဲ့တဲ့အတွက် မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မမူခဲ့ပါဘူး၊ စားချင်သူ စားကြပါစေ၊ မစားပဲ သက်သက်လွတ် ကျင့်လိုသူများလဲ ကျင့်နိုင်ပါတယ်- ငါဘုရား ခွင့်ပြုတော်မူတယ် ဆိုပဲ၊
အော် ဒါကြောင့် သက်သက်လွတ် ၀ါဒ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ မြတ်ဘုရား မပွင့်ခင်ကတည်းက ခေတ်စာနေခဲ့တာ အခု ငါတို့ ခေတ်အထိ မပျက်သုဉ်းသေးပါလား လို့ တွေးမိပြီး အစဉ်အလာကြီးမားတဲ့ ဟိန္ဒူဝါဒ နဲ့ ဘာသာရေးကို စိတ်ဝင်စားမိသွားတယ်။ လေ့လာမိသလောက်ကိုလဲ ပြန်လည် ဖောက်သည် ချလိုက်ပါတယ်။

ဟိန္ဒူဘာသာ
ဟိန္ဒူဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာတရားဖြစ်သည်။ သူ၏ကျမ်းစာများသည် ဘီစီ ၃၀ဝ၀ ဝန်းကျင်ကပင် လူတို့၏ ကိုးကွယ်မှုကဏ္ဍတွင် နေရာယူခဲ့ပြီး
ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာတရား လည်းဖြစ်သည်။ ဟိန္ဒူဘာသာဝင်သူများသည် ကိုယ့်ဘာသာကို သနာတနာဓမ္မ (သင်္သကရိုက် - सनातन धर्म၊ ထာရဝဘာသာတရား) ခေါ်သည်။

တည်ထောင်သူ - ရှီဝ
• စတင်ပေါ်ပေါက်ရာဌာန - အိန္ဒိယပြည်
ဘာသာရေး၏အထွတ်အထိပ်ပုဂ္ဂိုလ် - ဗြဟ္မာ၊ ဗိဿနိုး၊ သိဝ
• ပဓာန ကျမ်းဂန် - ဝေဒကျမ်းများ၊ ဥပနိသျှဒ်ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊ ဘဂ၀ဒ်ဂီတ
ဟိန္ဒူဘာသာဝင်တို့ အထွဋ်အမြတ်ကိုးကွယ်ရာ ဂျနတ်စ် ရုပ်တု

ဟိန္ဒူတို့၏ အခြေခံ ယုံကြည်ချက်များ

ကမ္ဘာလောကနှင့် သတ္တ၀ါများကို ဗြဟ္မာက ဖန်ဆင်းသည်။ ဗိဿနိုးက ကာကွယ်စောင့်ရှောက်သည်။ သိဝ ( ရှီဝ )က ဖျက်ဆီးသည်။ ဗြဟ္မကြီး၏ ကြင်ယာတော်က သူရဿတီ၊ ဗိဿနိုး၏ ကြင်ယာတော်က လက္ချမီ၊ သိဝ၏ ကြင်ယာတော်က ပဗ္ဗတီ အသီးသီးတို့ဖြစ်ကြသည်။

ဗြဟ္မာ ဆိုသည်မှာ ပရမအတ္တပင်။ ပရမအတ္တသည် ကမ္ဘာလောကနှင့် သတ္တ၀ါများကို ဖန်ဆင်းသည်။ ထိုကြောင့် အတ္တသည် အရာတိုင်းတွင် ပျံ့နှံ့လျက် တည်ရှိသည်။ လောကသည် အတ္တ၊ လောကသည် ဗြဟ္မာ၊ သတ္တ၀ါသည် အတ္တ၊ သတ္တ၀ါသည် ဗြဟ္မာ၊ သင်သည် အတ္တဖြစ်၏၊ သင်သည် ဗြဟ္မာဖြစ်၏ ဖန်ဆင်းရှင် အတ္တကို ပရမအတ္တ၊ သတ္တ၀ါတို့ သန္တာန်၌ တည်သော အတ္တကို ဇီဝအတ္တဟု ခွဲခြားရ၏။

( မြန်မာလူမျိုးတို့က အသက်၊၀ိညာဉ်ဟု ခေါ်သော အရာကို ဟိန္ဒူက ဇီဝအတ္တဟု ခေါ်ခြင်းပင်။) အတ္တသည် အမြတ်ဆုံး ဖြစ်၏။ မပျက်မစီး အမြဲ တည်၏။ သတ္တ၀ါ သေသော်လည်း အတ္တက မပျက်စီးဘဲ သေသောသတ္တ၀ါ၏ ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာကိုယ် တခုထဲသို့ ကူးပြောင်း တည်နေကာ နောက်တဘ၀ စခန်းသွား၏။ ဤနည်းဖြင့် တစ်ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းကာ အတ္တသည် သံသရာ လည်နေ၏။

ယင်းသို့ သံသရာလည်နေခြင်းမှာ အတ္တကို လောဘ စသော ကိလေသာ အညစ်အကြေးတွေ ကပ်ငြိနေ၍ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုနေသောကြောင့် ဖြစ်၏။ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကို နောက်ဘ၀၌ အတ္တကပင် ခံစား၏။ အတ္တမှ ကိလေသာ အညစ်အကြေးတွေ စင်ကြယ်သွားစေရန် ဂင်္ဂါမြစ် အတွင်း၌ ရေချိုးရ၏။

ဂင်္ဂါမြစ်သည် ဟိမ၀န္တာကေလာသ တောင်ထိပ်တွင် တရားထိုင်နေသာ သိဝနတ်မင်းကြီး၏ ဆံထုံးမှစ၍ စီးဆင်းလာသောကြောင့် မြတ်သောမြစ် ဖြစ်၏။ ထိုကြောင့် ဂင်္ဂါမြစ်၌ ရေချိုးလျှင် ကိလေသာ စင်ကြယ်၏။ ယောဂ ကျင့်သည့် သမထ အလုပ်ကို အားထုတ်ခြင်းဖြင့်လည်း ကိလေသာကို စင်ကြယ်စေ၏။ ယောဂ အကျင့်၏ စွမ်းအားဖြင့် အတ္တမှ ကိလေသာတွေ စင်ကြယ်သွားသောအခါ အတ္တသည် ဖြူစင် တောက်ပြောင်လာပြီးလျှင် ကုသိုလ်ကံ အကုသိုလ်ကံတွေကို မပြုတော့သဖြင့် သံသရာမှ လွတ်မြောက်၍ ပရမအတ္တနှင့် ပြန်လည်ပေါင်းဆုံမိကာ မောက္ခ(နိဗ္ဗာန်)ကို ရသွား၏။

ဆက်ပါအုံးမည် --


စက်မှု့ သိပ္ပံပညာ နည်းပညာ ထွန်းကားလှပါတယ် ဆိုတဲ့ Bangalore နယ်က လှည့်လည်အပူဇော်ခံပွဲ
ပွဲတော်အတွင်း မြို့တော် ( ဘုံဘေ ) Mumbai က ဂျနတ်စ် လှည့်လည်ပွဲပါ

Friday, April 30, 2010

မဃဒေဝ ကောက်နှုတ်ချက်များ ၁

မဃဒေဝမလင်္ကာကျမ်းသည် မန်လည်ဆရာတော်ကြီး၏ အကျော်ကြားဆုံး ကျမ်းဖြစ်သောကြောင့် စာရေးသူသည် ငယ်ငယ်ရွယ်ရွယ်ကပင် ဖတ်ရှု့ရန် စိတ်ဝင်စားခဲ့သည်၊ သို့ပေမယ့် အဖေက သားကို ထမင်း ခွံ့ကျွေးရာဝယ် ချစ်ခြင်းသံယောဇဉ်ဖြင့် ထမင်းလုပ် ကြီးကြီး ကျွေးသော်လည်း ကလေးသည် သူ့ပါးစပ်နှင့် တန်ရုံသင့်ရုံသာ စားနိုင်သလို မိမိလည်း ဖတ်သာ ဖတ်လိုက်ရသည် ကောင်းကောင်းနားမလည်တာက များသည်၊ ထို့ကြောင့် စာပိုဒ်သာ ဆုံးသွားသည်၊ ၀ါးတားတား ပဲ ရလိုက်သည်ပေါ့။

ထိုအချိန်က စပြီး ဖတ်ပေမယ့် နားမလည်တော့ ဆက်ပြီး မဖတ်ချင်တော့ပေ၊ ဒါကြောင့် ကိုယ်လို နားမလည်နိုင်သူ များရှိခဲ့လျင် တလုံး တစ်ပါဒ နားလည် သဘောပေါက် ကျင့်သုံးနိုင်ပြီး တစုံတရာ အကျိုးကျေးဇူးရစေဖို့ ရည်ရွယ်ပြီး အဓိပ္ပါယ် ကောက်နှုတ်ချက် ကို ရေးလိုက်ပါတယ်၊ ထိုကျမ်းနာမည် အပြည့်အစုံမှာ "မဟာသုတကာရီ မဃဒေဝလင်္ကာသစ်" ဖြစ်ပြီး ဤလင်္ကာသစ်ကို နေမိဇာတ်တော်လာ မဃဒေဝမင်း၏ အဋ္ဌုပ္ပတ္တိကို အကျယ်ချဲ့၍ လင်္ကာဖြင့် ရေးသားခဲ့ခြင်းကို မိမိ လက်လှမ်းမှီရာ လင်္ကာများကို မြန်မာပြန်ဆိုပါသည်။

(ပိုဒ် ၂၆၁)။ လူမိုက်တသောင်း၊ ခြီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက်၊ ပြစ်တင် ကြောက်လော့၊ ရှေ့ နောက် မဆ၊ လူ့ဗာလတို့၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး ပြစ်၊ စိစစ် မြှော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက် ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။

ကိုယ်လုပ်လိုက်တဲ့ ကိစ္စအတွက် လူမိုက်တွေ ဘယ်နှယောက်ပဲ ဖြစ်ဖြစ် ချီးမွမ်းနေပါစေ၊ အယောက်တစ်သောင်းလောက်တောင် ချီးမွှမ်းနေပါစေ၊ သူတော်ကောင်း ရဟန်း ရှင် လူတယောက်ယောက်က ကဲ့ရဲ့မှာကို ကြောက်နိုင်ပါစေ၊
လူမိုက်တွေက ရလာမယ့် အကျိုး အပြစ်တွေကို သေချာ ကြိုတင် မတွေးဆ မဆင်ခြင်တတ်ကြဘူး။

ဆန္ဒစောကာ ပြောချင်တာပြောပြီး ၀စီကံသာ မကပဲ ကာယကံ ဒုတ်ဖြင့် ရိုက်သကဲ့သို့ လူမိုက်တို့ ချီးမွမ်းသော်လည်း မိမိ ဂုဏ်ဒြပ် ညှိုးနွမ်းတတ်၏ ဟူလို။

( ပိုဒ် ၂၅၀ )။ ပညာယှိမြတ်၊ ဗောဓိသတ်တို့၊ နက္ခတ်ယှဉ်ရာ၊ အခါဖင့်နှေး၊ နေ့မရွှေးဘူး၊အရေးလက်ရောက်၊ မျက်မှောက်ကျိုးထင်၊ ရခြင်းပင်သာ၊ ဤလျှင်သင့်မြတ်၊ ကောင်းနက္ခတ်တည့်၊ အမှတ်မသွေ၊ မလွန်စေနှင့်။

ပညာရှိ ဘုရားအလောင်း တို့ အတွက် အခါကောင်း( ဗေဒင် ယတြာ ) နက္ခတ်ကောင်းကို စောင့်စရာ မလိုပေ။
နေ့ည ရွေးနေစရာမလို၊ အခွင့်အေ၇းကြုံလာလျင် အခါကောင်းပဲ ဟု သတ်မှတ်ပြီး ကိစ္စ ကြီး ငယ်ကို ပြီးစီးအောင် လုပ်လေ့ရှိကြသည်၊

အခါပေး နေလျင် အခွင့်အရေးကောင်းကို လက်မလွတ်စေနှင့် ဟူလို။

( ပိုဒ်၂၅၄ )။ မောဟပိတ်ဆို့၊ ပညာချို့သည့်၊ လူတို့ ဥစ္စာ၊ များတုံပါလည်း၊ မဟာသမုဒ်၊ ရေအစုတ်သို့၊ သောက်ထုတ် သုံး ချိုး၊ ဘယ်သူမျိုးမျှ၊ အကျိုးမရ၊ ပဏ္ဍိတတို့၊ ဓနမူကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊ ဗိုလ်ခြေအားလုံး၊ သောက်သုံးချမ်းသာ၊ ပြီးတတ်စွာရှင့်၊

သဒ္ဓါမရှေး၊ မပေးမလှူ၊ မုန်းဆေးဟူ၏၊ ပေးလှူတတ်သော်၊ ချစ်ဆေးကျော်တည့်၊ လူ့ဘော်ဌာန၊ဤလောကနှိုက်၊ စိတ်ကကြည်စွာ၊ စေတနာနှင့်၊ သဒ္ဓါဝမ်းတွင်း၊ ပေးကမ်းခြင်းကား၊ ရခြင်းထက်သာ၊ ဝမ်းမြောက်စွာသည်၊ မင်္ဂလာလွန်မြတ်၊ ဖြစ်သတတ်ရှင့်။

သဒ္ဓါ ပညာ နည်းပါးပြီး မောဟ များသည့် လူမိုက် ပစ္စည်းများသည် အများအတွက် ကောင်းကျိုးမပေးနိုင်၊
ဥပမာကား သမုဒ္ဒရာရေကို ဘယ်သူမှ သောက်ခြင်း သုံးခြင်း မိမိအိမ်ကို ခတ်၍ ချိုးခြင်း မပြုနိုင်သလိုပင်၊

သဒ္ဓါတရား အားကောင်းသော ပညာရှိ၏ ဥစ္စာကား တွင်းထွက်ေ၇ကဲ့သို့ အများအတွက် ချမ်းသာကို ပေးနိင်လေ၏။
သူများကို မပေးကန်းပဲ ကပ်စေးနှဲနေလျင် အားလုံးက ၀ိုင်းဝန်း မုန်းတီးတတ်၏။
ပေးကန်း ရက်ရောခြင်းသည်သာ ပီယဆေး မည်သတဲ့၊

လူ့လောကတွင် ကိုယ့်စိတ် ကြည်ကြည်လင်လင် နှင့် ပေးကမ်းစွန့်ကြဲ ၇ခြင်းသည် ကိုယ်တိုင် ရယူခြင်းထက် ကြည်နူးစရာ ကောင်း၍ မင်္ဂလာ တပါးပင် ဖြစ်ပေသည်။

No comments:

Post a Comment