
သီတဂူဆရာတော်ဘုရားကြီး နိုင်ငံအသီးသီးကို သာသနာပြုသွားရင် ဘာသာခြားတွေ အင်မတန် မေးတတ်တဲ့မေးခွန်းလေးပါ။ ဆရာတော်ဘုရားကြီးရဲ့ ဖြေကြားမှုကိုလည်း သူတို့တွေ အင်မတန်မှ နှစ်ခြိုက်ကြပါတယ်။ ဆရာတော်ဘုရားကြီးက ပြောပါတယ်.. ဒီမေးခွန်းမေးလို့ ဖြေပေးရရင် အင်မတန် အရသာရှိတယ်လို့ ဆိုပါတယ်။ မေးခွန်းဖြေရင်းဖြေရင်းနဲ့ ဗုဒ္ဓရဲ့အဆုံးမတွေကို ပိုပြီးတော့လည်း ကြည်ညိုမိပါတယ်တဲ့။ ဟုတ်ပါတယ်နော်.. ဆရာတော်ဘုရားကြီး ဖြေကြားလိုက်တဲ့မေးခွန်းတွေကို ဖတ်နေရင်းနဲ့ကို ဗုဒ္ဓဘာသာဖြစ်ရတာဟာ ဘယ်လောက်တန်ဖိုးရှိသလဲ.. ဘယ်လောက်အသိဥာဏ်နဲ့ယှဉ်ပြီး ကိုးကွယ်သင့်တဲ့ အဆုံးမတွေလဲဆိုတာ ပိုပြီးတော့ သိမြင်လာရပါတယ်။ မေးခွန်းတစ်ခုရဲ့အဖြေကို မျှမျှတတ သဘာဝကျနစွာ ဖြေကြားမှုတွေနဲ့ လက်ခံနိုင်အောင် ရှင်းလင်းဖြေကြားမှုတွေဟာ အင်မတန်မှလိုအပ်သလို အများသူငါ အားလုံးအတွက်လည်း အကျိုးများစေပါတယ်။ တပါးသူရဲ့စိတ်ထဲမှာ မရှင်းလင်းတာတွေ ရှင်းလင်းသွားစေနိုင်သလို.. ယုံမှားသံယယဖြစ်စရာတွေလည်း နည်းသထက်နည်းလာပြီး သဒ္ဓါတရားတွေလည်း ပိုမိုများပြားလာနိုင်ပါတယ်။ ဒါ့ကြောင့် အင်မတန် အကျိုးများစေတဲ့ အမေးအဖြေလေးဖြစ်တဲ့.. ဘာသာခြားတစ်ယောက်ရဲ့ အမေးလေးကို သီတဂူဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ဖြေကြားထားတဲ့ပုံစံအတိုင်းလေးပဲ တိုက်ရိုက်ဖြော်ပပေးလိုက်ပါတယ်။
ဘာသာခြား- ဗုဒ္ဓဘာသာကို Religion လို့ဆိုနိုင်ပါသလား။
သီတဂူဆရာတော်- Buddhism is not Religion.
ဘာသာခြား- Religion မဟုတ်ရင် ဘာပါလဲ။
သီတဂူဆရာတော်- ဗုဒ္ဓဘာသာဟာ ကျင့်စဉ်တစ်မျိုးပါ။
ဘာသာခြား- Religon ကကော ကျင့်စဉ်မဟုတ်ဘူးလား။
သီတဂူဆရာတော်- Religion ဟာကျင့်စဉ်မဟုတ်ပါဘူး။ Religion ဆိုတဲ့ဘာသာမှာ ကျင့်စဉ်ကို မပါဘူး။ Religion လို့ခေါ်တဲ့ဘာသာတိုင်းမှာ ကျင့်စဉ်မပါဘူး။ ဘာသာလျှင်ရှိသလဲဆိုတော့ ယုံကြည်မှုတစ်ခုပဲရှိတယ်။ သူတို့ကိုးကွယ်ထားတဲ့ ဘာသာတိုင်းမှာ ယုံကြည်ထားတဲ့ ပုဂ္ဂိုလ်တိုင်း၊ သူတို့ရဲ့ဘုရားကို ရှိခိုးခြင်း၊ ဆုတောင်းခြင်းဖြင့် ကိစ္စအကုန်ပြီးတယ်။ မကောင်းတာတွေအကုန်လုပ်၊ အပြစ်မှလွတ်ဖို့ရန်ဆုတောင်း၊ ကောင်းမှုတွေလုပ်ချင်လဲလုပ် မလုပ်ချင်လဲနေ၊ ချမ်းသာသုခကို ဘုရားသခင်ကချပေးပါလို့ ဆုတောင်း.. ဆုတောင်းခြင်းကိစ္စမှာ အပြီးသတ်ပါတယ်။ ယုံကြည်မှုနဲ့ဆုတောင်းခြင်းသာလျှင် ပဓာနထားတဲ့ဘာသာကို Religion လို့ခေါ်ပါတယ်။ ယုံကြည်မှုနဲ့ဆုတောင်းခြင်းကို ပဓာနမထားပဲနဲ့ အကျင့်ကို ပဓာနထားတဲ့ဘာသာသည် ဗုဒ္ဓဘာသာပါ။
ဘာသာခြား- ဗုဒ္ဓဘာသာသည် Religion မဟုတ်ဘူးဆိုတော့ Philosophy လို့ဆိုယင်ကော ဆိုနိုင်ပါသလား။
သီတဂူဆရာတော်- Philosophy လို့လဲ တဘက်သတ် မပြောနိုင်ပါဘူး။ Philosophy ဆိုတဲ့ ဥစ္စာဟာ အသိဥာဏ်သက်သက်၊ Knowledge သက်သက်ပဲဖြစ်တယ်။ Philosophy မှာ အကျင့်(စရဏ) မပါဘူး။ Religion က ယုံကြည်မှုသက်သက်၊ Philosophy က အသိဥာဏ်အသက်သက်၊ အဲ့နှစ်ခုလုံးမှာ အကျင့်တရား(စရဏ)မပါကြဘူး။ ဗုဒ္ဓဘာသာဟာ ယုံကြည်မှုနဲ့အသိဥာဏ်ကို ပေါင်းစပ်ပြီးတော့ ကျင့်ရတဲ့တရား။ ယုံကြည်မှုနဲ့အသိဥာဏ် ပေါင်းစပ်ပြီးတော့ ကျင့်တော့ ဘာဖြစ်သလဲဆိုတော့ မိမိရဲ့နှလုံးသားထဲက ယုတ်မာတဲ့ကိလေသာတွေ အကုန်လုံးရှင်းသွားတယ်။ အဲ့ဒီ့ ယုတ်ညံ့တဲ့ကိလေသာတွေ ရှင်းသွားတဲ့အခါ ချမ်းသာသုခကို တကယ်ရတာပါပဲ။ မိမိရဲ့ ယုတ်ညံ့မှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင် လုပ်ရပါတယ်။ မိမိစိတ်ဓါတ်ရဲ့တိုးတက်ဖွံ့ဖြိုးမှုကို မိမိကိုယ်တိုင် ကြိုးစားယူရပါတယ်။ အလွန်တန်ခိုးထက်မြတ်တဲ့ စိတ်၊ စေတသိက်တို့ကို အသုံးချကျင့်ရတာဟာ ဗုဒ္ဓဘာသာပါပဲ။
ဗုဒ္ဓတရားတော်သည် ယုံကြည်မှုတခုတည်းနဲ့ မပြီးဘူး။ အသိဥာဏ်သက်သက်နဲ့လဲ မပြည့်စုံဘူး။ ယုံကြည်မှုနဲ့ အသိဥာဏ်ကို ညီမျှစွာတွဲစပ်ပါ၊ တဘက်ဘက်က မလွန်စေနဲ့။ ယုံကြည်မှုတွေလွန်ကဲရင် အလွဲယုံကြည်တတ်တယ်။ အသိဥာဏ်တွေ လွန်ကဲရင် ကောက်ကျစ်တတ်တယ်။ ဗုဒ္ဓဘာသာဟာ သဒ္ဓါ၊ ပညာညီမျှစွာ ပေါင်းစပ်ပြီးတော့ အကျင့်နဲသွားရတယ်။ အဲ့ဒါကြောင့် ဗုဒ္ဓဘာသာဟာ Religion လည်းမဟုတ်သလို Philosophy လည်းမဟုတ်ပါဘူး။ ယုံကြည်တဲ့သဒ္ဓါတရားတွေ တအားကောင်းပြီး ပညာနည်းပြန်လျှင်လည်း အလွဲလွဲအမှားမှားနဲ့ အချည်းနှီး အကျိုးမရှိတာတွေ ယုံကြည်တတ်တယ်။ ပညာအားတွေကောင်းပြီးတော့ ယုံကြည်တဲ့သဒ္ဓါတရား နုံ့ကြပြီဆိုလျှင်လည်း ကောက်ကျစ်ယုတ်မာတဲ့ အဖြစ်သို့ရောက်တတ်ပါတယ်။ သဒ္ဓါနဲ့ပညာ ညီညွတ်မှ စရဏဆိုတာ မှန်ပါတယ်။ သဒ္ဓါပညာ ညီမျှစွာတွဲပြီးတော့ စရဏနဲ့ ထပ်မံပေါင်းစပ်တဲ့အခါကျတော့မှ ၀ိမုတ္တိဆိုတဲ့ လွတ်မြောက်မှုကို ကောင်းစွာရတယ်။ စရဏဆိုတဲ့ အကျင့်မပါပဲ ဆုချည်းထိုင်တောင်းနေမယ်ဆိုရင် ဗုဒ္ဓဘာသာက မပြည့်စုံပါဘူး။
ဘာသာခြား- ဒါဆိုရင် ဗုဒ္ဓဘာသာတွေဟာ ကုသိုလ်ကောင်းမှုတခုခု ပြုပြီးတိုင်း ဆုမတောင်းဘူးလား။
သီတဂူဆရာတော်- ဗုဒ္ဓဘာသာမှာလည်း ဆုတောင်းရှိပါတယ်။
ဘာသာခြား- ဒါဆို ဗုဒ္ဓဘာသာလဲ ဆုတောင်းပဓာနထားထားတဲ့ ဘာသာပဲ မဟုတ်လား။
သီတဂူဆရာတော်- မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာတို့ရဲ့ ဆုတောင်းခြင်းဆိုတာဟာ တန်ခိုးရှင်တစ်ယောက်ယောက်ထံမှ တောင်းတဲ့ဆု မဟုတ်ဘူး။ ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ထံမှ တောင်းတာမဟုတ်ဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ထံက တစ်စုံတစ်ခုကို မျှော်လင့်လို့ တပည့်တော်ကို ဒါလေးပေးပါ၊ တပည့်တော်ကို ဒါလေးပေးပါလို့ တောင်းတာမဟုတ်ဘူး။ ဗုဒ္ဓဘာသာတို့ရဲ့ဆုတောင်းခြင်းက ဘာတောင်းသလဲဆိုတော့.. ဒါန၊ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အဲ့ဒီ့ကောင်းမှုလေးမျိုးထဲက တမျိုးမျိုးပြုကျင့်ပြီးရင် ကိုယ်လုပ်ထားတဲ့ ကောင်းမှုအားလျော်စွာ ရထိုက်တဲ့အခွင့်အရေးကို ကိုယ့်ဟာကိုယ် တောင်းတာ။ ကိုယ်ကျင့်ထားတဲ့ အကျင့်အားလျော်စွာ ရထိုက်တဲ့အခွင့်အရေးကို တောင်းတာ။ တောင်းတာဆိုတော့ တစ်စုံတစ်ယောက်က ပေးမှာကို မျှော်လင့်ပြီးတော့ တောင်းနေတာ မဟုတ်ဘူး။ ကိုယ့်လုပ်အားအတိုင်း ကိုယ်ဖြစ်ချင်တာကို ဖွင့်ထုတ်ပြီးတော့ ဆိုခြင်းပါပဲ။ ကိုယ်ကျင့်ထားတဲ့အကျင့် အားလျော်စွာ ကိုယ်ရချင်တဲ့ ဆန္ဒကို ဖော်ကျူးလိုက်တာပါပဲ။ တစ်စုံတစ်ယောက်က ကိုယ့်ကိုချပေးလိမ့်မယ်လို့ မျှော်လင့်ပြီးတော့ တောင်းနေတဲ့ဆုတောင်းမျိုး ဗုဒ္ဓဘာသာမှာ မရှိပါဘူး။ အခြားဘာသာက တောင်းတဲ့ဆုကျတော့ ကိုယ့်အကျင့်တရားပေါ်မှာ မတည်ပဲနဲ့ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က ပေးမလားဆိုပြီးတော့ တောင်းတဲ့ဆုတောင်းမျိုးပါ။ ဗုဒ္ဓဘာသာရဲ့ဆုတောင်းခြင်းဟာ အခြားဘာသာတွေနဲ့ အဲ့ဒီလို ကွာခြားပါတယ်။
ဘာသာခြား- ဒါဆို ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက ဘယ်လိုပါလဲ။
သီတဂူဆရာတော်- ဗုဒ္ဓဘာသာရဲ့အနှစ်သာရဆိုတာကတော့ ယုံကြည်မှုနဲ့ အသိဥာဏ်ကို ညီမျှစွာပေါင်းစပ်ပြီးတော့ စရဏဆိုတဲ့အကျင့်တရားနဲ့ ပြည့်စုံအောင် ဖြည့်ကျင့်ရတဲ့တရား.. အဲ့ဒါ ဗုဒ္ဓဘာသာ။
ကဲ.. သီတဂူဆရာတော်ဘုရားကြီးရဲ့ ဖြေကြားမှုတွေကတော့ အင်မတန်ပြည့်စုံပြီး အနှစ်သာရရှိလှပါပေတယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်ဘာသာရဲ့အနှစ်သာရ ကိုယ့်ဘာသာရဲ့တန်ဖိုးကို မိမိကိုယ်တိုင်လည်း ကောင်းစွာနားလည် သိရှိထားဖို့လိုအပ်သလို.. အဲ့လိုမေးလာခဲ့ရင်လည်း နှစ်သက်ကျေနပ်လောက်တဲ့အထိ ဖြေကြားပေးနိုင်ဖို့လိုအပ်ပါတယ်။ ကိုယ့်ဘက်က လက်ခံနိုင်တဲ့အတိုင်းတာနဲ့ နှစ်သက်ကျေနပ်လောက်အောင် သဘာဝကျကျ ဖြေကြားပေးဖို့ပါပဲ။ လက်ခံတာလက်မခံနိုင်တာတော့ သူ့ဘက်ကအပိုင်းပေါ့။ ကိုယ့်ဘာသာရဲ့ အနှစ်သာရကို သိရှိအောင် ပြောပြပေးနိုင်ဖို့ပါ။ သီတဂူဆရာတော်ဘုရားကြီး ဆုံးမသလိုပါပဲ.. ဗုဒ္ဓဘာသာဟာ အနှစ်သာရသိယုံနဲ့တင် ရပ်တန့်ထားရမယ့်ဘာသာမျိုး မဟုတ်ဘူးဆိုတာလေးလည်း အလေးအနက် နှလုံးသွင်းဖို့ လိုအပ်ပါတယ်။ စရဏဆိုတဲ့အကျင့်တရားနဲ့ ထပ်မံအုပ်မိုးပြီး ပြည့်စုံမြင့်မြတ်သည်ထက် မြင်မြတ်အောင် ဖြည့်ကျင့်သင့်တဲ့ ဘာသာမျိုးဆိုတာ မိမိကိုယ်တိုင် နားလည်နှလုံးသွင်းပြီး လက်ခံထားဖို့ပါ။ ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးထဲမှာပါရှိတဲ့ ၀ိဇ္ဇာစရဏ သမ္ပန္နော- အသိတရားနဲ့အကျင့်တရား ထပ်တူညီစွာ ဖြည့်ကျင့်တော်မှုသော မြတ်စွာဘုရားဆိုတဲ့ ဂုဏ်တော်အတိုင်းပါပဲ.. ဓမ္မမိတ်ဆွေအပေါင်းလည်း အသိတရားနဲ့အကျင့်တရား ထပ်တူညီစွာ ဖြည့်ကျင့်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။
No comments:
Post a Comment